ကရင်နီ(ကယား)ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားများကိုလည်ပတ်စေ သော Non CDMဝန်ထမ်းများနှင့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူဆောင်ရွက်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၂က ယနေ့ (ဇွန် ၂၇ ရက်) ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း ကလေးသူငယ်များ၏ ပညာရေးကို လိုလားခြင်းကြောင့် ကျောင်းဖွင့်လှစ်ခြင်းမဟုတ်ဘဲ ၎င်း၏ ယန္တရားလည်ပတ်နေသည်ကို ပုံဖော်ရန် ကြိုးစားနေခြင်းဟု KNDFက ဆို သည်။

ထို့အပြင် ယခင်အစိုးရ၏ လမ်း၊တံတားစီမံကိန်းများကို အကြောင်းပြု၍ ယန္တရားများ လည်ပတ်ရန်ကြိုးပမ်းမှုများရှိကြောင်းလည်း အသိပေးသည်။
“စစ်ကောင်စီကို လည်ပတ်စေတဲ့ ဘယ်အရာကိုမဆို ကျွန်တော်တို့ တားမြစ်သွားမယ်”ဟု KNDF တပ်ရင်း – ၁၂ တာဝန်ရှိသူက People’s Springသို့ ပြောသည်။
အလားတူ စစ်တပ်ထုတ်ကုန်များကိုလည်းရောင်း ဝယ်ဖောက်ကားမှုကို ထိရောက်စွာတားမြစ်မည်ဟုလည်း သတိပေးထားသည်။
ကရင်နီပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုအပါအဝင် သစ်မှောင်ခိုဖြစ်စဥ်အချို့ကို ယခုရက်ပိုင်းအတွင်း KNDF က ဖမ်းဆီးထားသည်။
