မိုးရွာ၍ လူသွားလူလာတိတ်ဆိတ်နေသည့်ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့နံနက်၁၁နာရီ ၁၂ မိနစ်ဝန်းကျင်က ဒုန်းခနဲမြည်သံတစ်ခု ကြားလိုက်ရသည်။ လျှပ်စီးလက်သကဲ့သို့ အလင်းတန်းတစ်ခုလည်း ဝင်ရောက်လာပြီးကိုဆလိုင်း(အမည်လွှဲ)၏မျက်လုံးကို စူးသွားစေခဲ့သည်။ အိမ်များအပါအဝင်ပတ်ဝန်းကျင်တစ်ခုလုံးလည်းတုန်ခါသွားစေခဲ့သည်။
စစ်ကောင်စီတပ်ကလေယာဥ်ဖြင့်ဗုံးကျဲသည်ကိုသိလိုက်သောအခါ အဆောက်အအုံအတွင်းရှိနေသူအားလုံး ကြောက်ရွံ့စွာအော်ဟစ်ခဲ့ကြပြီး လုံခြုံမည်ထင်သည့် နေရာများအောက်ဝမ်းလျားမှောက်ထားရသည်။ အားလုံး အသက်ရှူဖို့ပင် မေ့သွားခဲ့ကြသည်။

တစ်ဝုန်းဝုန်းမောင်းနေဆဲဖြစ်သည့် မီးစက်ကိုပိတ်ကြဖို့ပြည်သူတစ်ဦးက အော်သည်။ တစ်ယောက်ယောက်ကထပိတ်လိုက်တော့အသံတွေငြိမ်သက်သွားခဲ့သည်။
ကိုဆလိုင်းလည်း အခန်းပြင်ထွက်လိုက်ရာ သွေးအလိမ်းလိမ်းနှင့် နာကျင်စွာအော်ဟစ်နေသူတွေ၊ ကလေးငယ်များအား ပွေ့ချီ ပြေးလာကြသူတွေ စသဖြင့်တစ်ရွာလုံး ကြောက်လန့်ပြေးလွှားနေကြသည်။
ကိုဆလိုင်းလည်း ထိတ်လန့်စရာအခြေအနေများကိုကြည့်ပြီး ကားဆရာကို ဖုန်းဆက်အကူညီတောင်းကာ ဆေးဆရာမတွေကို ခေါ်ရသည်။


၁၀ မိနစ်မကြာ ဒုတိယအကြိမ်တိုက်လေယာဉ်သံများထပ်မံကြားရသည်။ ကိုဆလိုင်းလည်းအော်ဟစ်၍ရွာသူရွာသားများ ဘေးလုံခြုံသည့်နေရာများတွင် ပုန်းခိုရန် သတိပေးလိုက်ရသည်။
ကိုဆလိုင်းစီးလာသည့် ဖိနပ်ကလည်း ဘယ်ဆီကျကျန်ရစ်မသိ မရှိတော့။ မြေအောက်ခန်းအထပ်တစ်ခုအတွင်း ဆင်းလိုက်တော့ စိုးရိမ်ပူပန်နေသည့် မျက်နှာတွေနှင့် ကလေး၊ လူကြီး အဖွဲ့တွေကို တွေ့လိုက်ရသည်။
နောက်ထပ်ပေါက်ကွဲသံတွေလည်း ကြားရသည်။ ကလေးတွေကလည်း အော်အိုခဲ့သည်။ အသံတွေခေတ္တတိတ်ဆိတ်သွားသည်။
အသံတွေတိတ်ဆိတ်အပြီးမှာ တစ်ရွာလုံးကို ဗုံး ၁၀ လုံးခန့် လာကြဲသွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
မြေပြင်တွင် လှည့်ပတ်ကြည့်ရှုပြီး မိုးစက်များကြား အားလုံးသည် ထိခိုက်မှုများအား ကြည့်ရှုနေကြသည်။
အဆိုပါပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက်ကလေးတစ်ဦး၊ အိမ်ထဲတွင် လှဲနေသည့် မသန်စွမ်း အမေကြီးတို့အပါအဝင် ၁၁ဦးခန့် ဗုံးထိမှန်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၊၁၁ ဦးဒဏ်ရာရရှိခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံကိုယ်စားလှယ်နှင့်နေပြည်တော်တွင်ဇွန် ၃၀ ရက်ကတွေ့၍ “လူ့အသက်ထက်အရေးကြီးတာဘာမျှမရှိ” ဟုပြောပြီး နှစ်ရက်အကြာတွင် သူ၏စစ်သားများကမင်းတပ်တွင် ပြည်သူများကို ဗုံးကျဲခဲ့ခြင်းဖြစ်သည်။
အာဏာလုစစ်ခေါင်းဆာင်းထိုစကားပြောပြီး မင်းတပ်သည် ပထမဆုံးဗုံးကျဲခံရခြင်းတော့မဟုတ်ပါ။ ၎င်းပြောပြီးနောက်တစ်ရက်မှာပင် ကရင်ပြည်နယ်အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တပ်မဟာ (၆) နယ်မြေအတွင်းရှိ သေ့ဘော့ဘိုးကျေးရွာအတွင်းသို့ ဇူလိုင် (၁) ရက် ည ၇နာရီ ခွဲခန့်အချိန်တွင် ဗုံးကြဲချသွား၍အပြစ်မဲ့ပြည်သူ (၂)ဦး ကျဆုံးခဲ့ရပြီး၊ ကျောင်းသားကျောင်းသူများအပါအဝင်ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့ပါသည်။

“မိုးစက်တွေကြား အားလုံးဟာ ထိခိုက်မှုတွေကိုကြည့်ရှုနေကြတယ်။ ဗုံးစမှန်တဲ့ ၁၀ နှစ်အောက်ကလေးတွေ၊ အိမ်ထဲမှာ လှဲနေတဲ့ ဆွံ့အ အမေကြီးရယ်၊ ဒဏ်ရာရ သေဆုံးတဲ့ လူငယ်တွေအတွက် ဒေါသတွေ အလိပ်လိုက်ပဲ”ဟုဗုံးကျဲမှု ကိုယ်တိုင်ကြုံခဲ့သောမင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးက လည်းဖွင့်ဟပြောသည်။
ဇူလိုင် ၂ရက်နံနက် ၁၁နာရီ ဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို ဗုံးကြဲ လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
“စာသင်ကျောင်း၊ ဘုရားကျောင်းတို့ကိုအပြာရောင်ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မင်းတပ်ဒေသခံများက ကျောင်းများဖွင့်ရန်ကျောင်းတစ်ကျောင်းတွင် အစည်းအဝေးပြုလုပ်နေစဥ် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပြောသည်။
“ကျောင်းတက်ဖို့၊ စာသင်ဖို့ကိစ္စတွေ ကျောင်းမှာစုဝေးပြီးတော့ အစည်းအဝေးလုပ်နေတာ။ စုဝေးနေကြတော့ ဆိုင်ကယ်တွေကားတွေ စုဝေးနေကြတာ။ သုံးယောက်သေပြီး ၁၁ယောက်ဒဏ်ရာရတယ်လို့သိရတယ်။ ဒါတောင်သူတို့ပစ်မှတ်ကလွဲလို့။ မဟုတ်ရင် ရာချီသေမှာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် မင်းတပ်နယ်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း စစ်ရှောင်စခန်းများ၊ လူနေထိုင်ရာ ကျေးရွာများ ၊ ဘုရားကျောင်းများစသည့် စစ်ရေးပစ်မှတ်မဟုတ်သည့် လူထုနေထိုင်ရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ ပြည်သူလူထုများသေဆုံးထိခိုက်မှုများရှိခဲ့သည်။ကရင်နီ ပြည်နယ်တွင် ၂၀၂၁ တွင် စစ်တပ်လာ၍ထွက်ပြေးသော စစ်ပြေးဒုက္ခသည်( ၅၀) ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကားနှင့်အတူပင် မီးရှို့သတ်ဖြတ်၍ တစ်ကမ္ဘာလုံးအံအားသင့်ခဲ့ရသည်။
ထိုကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ၎င်းနောက်လိုက် အကြမ်းဖက်စစ်သားများက ၎င်းတို့လုယူထားသောအာဏာလက်မလွတ်ရရေးအတွက် နေစဥ်မှန်မှန်ပြုလုပ်နေသည်မှာ ပြည်သူများကို သတ်ဖြတ်အကြမ်းဖက်ခြင်းပင်ဖြစ်သည်။ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး
အဖွဲ့ (AAPP)ကပြုစုထားသောစာရင်းအရ ၂၀၂၂ ဇူလိုင် ၁ ရက်အထိ့ စစ်ကောင်စီက ပြည်သူများကို လူမျိုး၊ဘာသာ၊တည်နေရာမရွေး နိုင်ငံတစ်ဝန်းသတ်ဖြတ်ခဲ့သည်မှာ ၂၀၅၃
ဦးရှိနေပြီဟုဖော်ပြထားသည်။ အကြမ်းဖျင်းပြောရလျှင်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းတစ်ရက်လျှင် ပြည်သူ ၄ ဦးနီးပါးကို သတ်ဖြတ်နေခြင်းဖြစ်သည်။ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်း၊အချို့ဒေသများမှာဝေးလံလွန်း၍ သတင်အချက်အလက်ရရှိရန်ခက်ခဲသဖြင့် စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့သော်လည်း မသိ့ရသူများလည်းရှိပါသည်။အမှန်တစ်ကယ် ပြည်သူများသတ်ဖြတ်ခံနေရမှုမှာ ထို့ထက်ပင်များပါသည်။
ထိုအပြင် အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံတစ်ဝန်းဖြစ်ပွားနေသောစစ်ပွဲများတွင်သေဆုံးထိခိုက်နေသူများမှာနေ့စဥ် ဆယ်နှင့်ချီရှိပါသည်။တိုက်ပွဲကြီးဖြစ်သောနေ့တွင် စစ်ကောင်စီတပ်ဘက်ကပင်သေဆုံးဒဏ်ရာရမှု ၁၀၀ ကျော်သည့်နေရှိသည်။အာဏာသိမ်းမှုကြောင့်သေဆုံးမှုမှာ သောင်းဂဏန်းကြီးကြီးပင်ရှိနေပြီဖြစ်သည်။ယခုနောက်ပိုင်း ပြည်သူများ၏ခုခံတော်လှန်စစ်ကြောင့်အများဆုံးသေဆုံးဒဏ်ရာရနေသည်မှာ စစ်ကောင်စီတပ်နှင့်နောက်လိုက်များဖြစ်သည်။
ထိုကြောင့်အာဏာသိမ်းခေါင်းဆောင်၏ “လူ့အသတ်ထက်တန်ဖိုးကြီးတာဘာမျှမူဝါဒ”ဖြင့်လုပ်ကိုင်နေသည်ဆိုသောပြောစကားမှာ လက်တွေ့အခြေအနေနှင့် တက်တက်စင်းလွဲနေပြီးပြည်သူများကြား အရှက်မဲ့သောပြက်လုံးဖြစ်နေကြောင်းပြည်သူတစ်ဦးကပြောသည်။
ကရင်ပြည်နယ် ၊တပ်မဟာ (၆)ရှိထင်ရှားသောကော်ဘရာစစ်ကြောင်းက အကြမ်းဖက်စစ်ကောင်စီက စစ်ဖက်ဆိုင်ရာနှင့် မသက်ဆိုင်သော အပြစ်မဲ့ ပြည်သူများနေထိုင်ရာ ကျေးရွာ အတွင်းသို့စစ်တပ်ကဇူလိုင် ၁ရက်ညတွင်လေကြောင်းတိုက်ခိုက်မှုအား ပြင်းထန်စွာ ရှုံ့ချပြီး၊ တိုက်ခိုက်မှုနှင့် သက်ဆိုင်သူအားလုံး တာဝန်ယူရမည် ဖြစ်သည်ဟု သတိပေးထားသည်။
“အိမ်မက်လို့ထင်ပေမယ့် ယမ်းနံ့တွေရယ်၊ မြင်နေတဲ့ သွေးတွေကြောင့် အမုန်းတရားတွေပိုလို့တောင်ကြီးလာရဲ့။ ဘယ့်နှယ် လေကြောင်းသုံးတိုက်နေရအောင် ပြည်တွင်းထဲက အခင်းမှာ။ စခ တွေလူမဆန်ပုံများ ။မမေ့ဘူး။ကမ္ဘာမကြေဘူး” မင်းတပ်မြို့နယ်မှချင်းတိုင်းရင်းသားတစ်ဦးကလည်းစစ်တပ်ကပြည်သူများကို ဗုံးကြဲသတ်ဖြတ်သည်ကိုကိုယ်တိုင်ကြုံပြီးနောက် ဟုရင်ဖွင့်ပါသည်။
