၂၀၂၀ရွေးကောက်ပွဲအနိုင်ရဒီချုပ်အမတ်၏ဆွေးမျိုးများကိုစစ်တပ်ကဖမ်းဆီး
ပင်းတယတွင်ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသောပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ရွေးကောက်ပွဲရှုံးအမတ်လောင်းသုတ်သင်ခံရပြီးနောက်ပင်းတယကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးအာကာလင်း၏လုံခြုံရေးကို စစ်ကောင်စီကတိုးမြှင့်လိုက်ကြောင်းဒေသခံများကပြောသည်။
ထိုအပြင်စစ်ကောင်စီတပ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှရွေးကောက်ခံအမတ်၏ ဆွေမျိုးများကိုလည်း အတင်းအဓမ္မဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။
ဓနုဒေသတွင်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ပြည်သူ့စစ်ဖွဲ့စည်းရန် ကြိုးစားနေသည့် ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီလွှတ်တော်အမတ်လောင်းဦးကျော်ငြိမ်းသည် ယမန်နေ့(ဇွန် ၁၈ရက်)နံနက်တွင် အမည်မသိသေနတ်သမားကသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က ဦးအာကာလင်း၏လုံခြုံရေးကိုတိုးမြှင့်ထားကြောင်းဒေသခံများကပြောသည်။
“ဦးကျော်ငြိမ်းကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာဘယ်သူတွေလုပ်တယ်မသိရသေးဘူး။အခြားနယ်ကနေလာလုပ်တယ်လို့လည်းကြားတယ်။ တကယ်တော့ ဦးကျော်ငြိမ်းရော၊ဦးအာကာလင်းရောက စစ်ကောင်စီရဲ့ တကယ့် အမာခံတွေ။ အခု စစ်ကောင်စီကဦးအာကာလင်းကို တော်တော်လေး ကာကွယ်ပေးနေတာကို ကျွန်တော်တို့ မျက်မြင်တွေ့နေရတယ်” ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။
ဦးအာကာလင်းသည် ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သလို လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားသည်။ပင်းတယမြို့ အော်ယောရပ်ကွက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အိမ်ယာတွင်နေထိုင်ပြီးယင်းအိမ်ယာပတ်ဝန်းကျင်ကိုစစ်ကောင်စီက လုံခြုံရေးတိုးချထားပေးသည်ကိုတွေ့ရကြောင်းဒေသခံများကပြောသည်။
သုတ်သင်ခံရသည့်ဦးကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်နေရာ၌ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ဒီချူပ်ပါတီအမတ်လောင်းကိုရှုံးနိမ့်ခဲ့သူဖြစ်သည်။ ဦးကျော်ငြိမ်းအသတ်ခံရပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းနိုင်၏ ဆွေမျိုး ၂၅ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။
ဦးထွန်းထွန်းနိုင်၏ ဆွေမျိုးများကို စစ်ကောင်စီက ဖမ်းဆီးခြင်းသည် ဦးအာကာလင်းက ခိုင်းစေခြင်းဟု ဒေသခံများကယူဆထားကြသည်။ကာယကံရှင်ဦးထွန်းထွန်းနိုင်ကိုယ်တိုင်ကလည်းဦးအာကာလင်းကို ဒေါသဖြစ်နေသည်။
“တီကောင့်(ဒီကောင်ကို ဓနုတိုင်းရင်းသားများက တီကောင်ဟု အသံထွက်ပြောလေ့ရှိသည်)ကျုပ်ကိုမဖမ်းနိုင်တာနဲ့ပေါ့။ကျုပ်ဆွေမျိုးတွေကို မဆီမဆိုင် ဖမ်းခေါ်စစ်တာ။မင်းလည်းတကောင်ကြွက်မဟုတ်ပါဘူးငနဲရာ” ဟု ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်တွင်ဦးအာကာလင်းဓာတ်ပုံနှင့်အတူယနေ့(ဇွန်လ ၁၉ရက်)ရေးသားထားသည်။
ဦးထွန်းထွန်းနိုင်သည် အကြမ်းဖက်ပုဒ်မအပါအဝင် ပုဒ်မများစွာဖြင့် အမှုဖွင့်ခံထားရ၍ တိမ်းရှောင်နေရသည်။ ဦးထွန်းထွန်းနိုင်၏ ဆွေမျိုးများအား ဖမ်းဆီးစစ်ဆေးနေခြင်းသည် ဦးအာကာလင်းက ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် စစ်ကောင်စီကို ခိုင်းစေနေခြင်းဟု ဒေသခံများကသုံးသပ်နေကြသည်။
ဖမ်းဆီးခံရသော ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများလည်းပါရှိပြီး ၎င်းတို့အားလုံးသည် PDFများနှင့်လုံးဝပတ်သက်ဆက်စပ်မူ့မရှိဘဲရွာ၌အေးဆေးစွာလုပ်ကိုင်စားသောက်နေကြသောသူများဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သော Voice of Pindayaက ရေးသားထားသည်။
