အခုပညာသင်နှစ်ကတော့ မြန်မာပြည်က ကျောင်းသားမိဘအများစု ဦးနှောက်ခြောက်ရတဲ့နှစ်ပါ ။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်က ကမ္ဘာ့ကပ်ရောဂါ COVID-19ကြောင့် မတက်ခဲ့ရသလို ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကလည်း စစ်အုပ်စုက အာဏာသိမ်းတာကြောင့် စစ်ကောင်စီလက်အောက်မှာကျောင်းမထားလိုတာကြောင့် ကျောင်းသားမိဘအများစုကျောင်းမထားခဲ့ကြပါဘူး။ ရှေ့မှာ ၂ နှစ် ပျက်ခဲ့တာကြောင့် တတိယမြောက်နှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဟာလည်းတော်လှန်ရေးကာလ ဖြစ်တာကြောင့်ကိုယ့်ကလေးကို ဘယ်လိုကျောင်းမျိုးမှာထားမလဲဆိုတာ မိဘတွေ စဥ်းစားဆုံးဖြတ် ရပါပြီ။
ပုံမှန်အခြေအနေမှာတောင် အဲဒီမေးခွန်းရဲ့အ ဖြေကို အလွယ်တကူဖြေကြားဖို့ အဆင်မပြေနိုင်ဘူး မဟုတ်လား။
ခုလို တော်လှန်ရေးကြားကာလဆိုတော့ အရင်ထက်ပိုပြီး သေချာစဥ်းစားဆုံးဖြတ်ကြရမှာ မလွဲမသွေပါပဲ။
ဘာကြောင့်လည်းဆိုတော့ လက်ရှိမှာ အာဏာ သိမ်းစစ်ကောင်စီကဖွင့်တဲ့ စာသင်ကျောင်းတွေရှိသလို တော်လှန်အင်အားစုတွေဖွင့်တဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။

သည်တော့ ဘယ်ဘက်မှာ ရပ်မလဲ။ စစ်အာဏာ ရှင်ယန္တရားလည်ပတ်အောင် အားပေးကူညီမလား။ ဒါမှမဟုတ် ဓမ္မဘက်ကရပ်ပြီး တော်လှန်အင်အားစုတွေရဲ့ပညာရေးစနစ်ထဲမှာပဲကိုယ့်ကလေးကိုထားမလား ။
ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ကျောင်းသားနှစ်ယောက်ရဲ့ မိခင်က သူ့ခံ စားချက်ကို ခုလိုရင်ဖွင့်လာပါတယ်။
“ကျွန်မကလေးတွေကို စာတတ်ဖို့တစ်ခုထဲကြည့်ပြီးတော့ စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာ ထားရမယ်လို့ မခံယူဘူး။တော်လှန်ရေးပြီးသွားရင် ကလေးတွေရဲ့ပညာရေးက သူဟာသူ ဖြေရှင်းပြီးသား ဖြစ်သွားမှာ။ အဲဒါကြောင့် အာဏာရှင် အားပေး မလုပ်နိုင်ဘူး”အဲဒီကျောင်းသားမိခင်ဟာ KG တန်းစတက်ရမယ့် ကလေးရယ်၊ ငါးတန်းတက်ရမယ့် ကလေးရယ် သားသမီးနှစ်ယောက်လုံးကို တော်လှန်အင်အားစုတွေဖွင့်တဲ့ ပြည်သူအခြေပြု ကျောင်းမှာ အပ်နှံထားပါတယ်။
ကျေးလက်နေပြည်သူတစ်ဦးဖြစ်တဲ့ အဲဒီကျောင်းသားမိဘက သူ့အတွေးမှာ စစ်အာဏာ ရှင်ယန္တရားလည်ပတ်စေမယ့် ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်တယ်လို့ ပြတ်ပြတ်သားသားပြောပါတယ်။
သူ့အတွေး၊ သူ့အမြင်မှာ ပညာရေးဟာ ကလေးတွေအတွက် အရေးကြီးတယ်ဆိုတာသိပေမယ့် ပညာရပ်ဆိုင်ရာ အားနည်းချက်၊ အားသာချက်တွေကို အကဲဖြတ်နိုင်စွမ်းတော့ မရှိပါဘူး။
ဒါပေမဲ့ တစ်ခုတော့ သူ ကောင်းကောင်းသိပါတယ်။ ဘာလည်းဆိုတော့ ပြည်သူအခြေပြုကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆ ရာမတွေ ရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်အကြောင်းပါ။ သူတို့ဟာ အများအ ကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အာဏာလုစစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်ကြတဲ (CDM) လုပ်ခဲ့ကြသူတွေဖြစ်တယ် ဆိုတာပါပဲ။

“အများအကျိုးမကြည့်ဘဲ ကိုယ်ကျိုးသာကြည့်တဲ့ ဆရာ၊ဆရာမ(Non-CDM)တွေနဲ့ယှဥ်ရင် အ များကြီးယုံကြည်လို့ရတယ်”လို့ သူ့ အယူအဆကို ပြောပါတယ်။
စစ်ကောင်စီကျောင်းတွေမှာမအပ်ဖူးဆိုတဲ့ ကျောင်းသားမိဘတွေက စစ်ကောင်စီပြုတ်ပြီး ပြည်သူ့အစိုးရအာဏာပြန်ရချိန်မှပုံမှန်ကျောင်းတွေပြန်ထားဖို့စီစဥ်ထားကြတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ခုမှာနေထိုင်တဲ့ ကျောင်းသားမိဘတစ်ဦးကတော့ အထက်မှာဖော်ပြခဲ့တဲ့ ကျောင်းသားမိဘနဲ့ ခံယူချက်ချင်း မတူပါဘူး။
ရန်ကုန်ဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးလို့ တော်လှန်အင်အားစုတွေဖွင့်တဲ့ ပြည်သူအခြေပြုကျောင်းတွေလည်း ရှိမနေပါဘူး။ အွန်လိုင်းအခြေပြုပညာရေးကျတော့လည်း နည်းပညာပိုင်းမှာ လက်လှမ်းမမီ တာကြောင့် စစ်ကောင်စီဖွင့်တဲ့ကျောင်းကိုပဲ ရွေးခဲ့ရတယ်လို့ သူက ရင်ဖွင့်ပါတယ်။
သူ့မှာဆိုရင်လည်း ငါးတန်းတက်ရမယ့်ကလေးတစ်ယောက်ရယ်၊ ရှစ်တန်းတက်ရမယ့်ကလေးတစ်ယောက်ရယ် ကျောင်းသားနှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးကို စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာပဲ ထားရပါတယ်။
“ပညာတတ်တာ မတတ်တာအသာထား၊ အတန်းတက်ရင် တော်ပြီ”လို့ သူရဲ့အယူအဆကိုပြောပါတယ်။
ဘာကြောင့်လည်းဆိုတော့ သူ့ကလေးတွေဟာ အခြားကလေးတွေနည်းတူ ကိုဗစ်ရောဂါကြောင့်ရယ်၊အာဏာသိမ်းတဲ့ဖြစ်စဥ်ကြောင့်ရယ် ပ ညာရေးနဲ့ဝေးခဲ့ရတယ်။ဒါကြောင့် ကလေးတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုကြီးလာပြီး ပညာ ရေးနဲ့ ပိုပိုဝေးသွားမှာကို မလိုလားလို့ ခုလိုရွေးချယ်ခဲ့တာလို့သူကဆိုပါတယ်။
ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီးAyeyarwaddyFederal School ရဲ့ စီမံခန့်ခွဲရေးကော်မတီဒု-ဥက္ကဌ(၁)ဖြစ်သူ ဦးဖြိုးဝေအောင် က ခုလိုရှင်းပြပါတယ်။
ပညာသင်ကြားခြင်းရဲ့ ပင်မရည်ရွယ်ချက်ဟာ အတန်းတက်ဖို့၊ ဆုရဖို့ မဟုတ်ဘူးလို့သူကအခိုင်အမာပြောပါတယ်။

“ကလေးတစ်ယောက်ဟာ မိမိရဲ့အသက်အရွယ် အလိုက် သိသင့်သိထိုက်တာကိုသိပြီး ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာနေထိုင်ပြုမူတတ်ဖို့၊ မိမိပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်ဖို့ပါ” နောက်ပြီး အဆိုး၊အကောင်းနဲ့ အကျိုးအ ကြောင်းကိုသိတာသာ ပညာဖြစ်ပါတယ်။ ဘွဲ့ရတိုင်း ပညာတတ် မဟုတ်သလို ပညာတတ်တိုင်းလည်း လောကနဲ့ ပတ်ဝန်းကျင်ကို အကျိုးမပြုဘူးဆိုတာ ဒီနွေဦးတော်လှန်ရေးကသက်သေပြနေတယ်လို့ ဦးဖြိုးဝေအောင်က ထောက်ပြပါတယ်။
ပြီးတော့ NUG ပညာရေးဝန်ကြီးဌာန(MOE)ရဲ့လမ်းညွှန်မှုနဲ့ ကြားကာလပညာရေးသင်ကြားတဲ့အခါမှာ စွမ်းရည်ကို အခြေခံတဲ့ ပညာရေးကို ပေးနိုင်အောင် ကြိုးစားထားတယ်လို့ သူက ရှင်းပြပါတယ်။
ဦးဖြိုးဝေအောင်ဟာ CDM ကျောင်းဆရာ တစ်ဦးပါ။ သူတို့ CDM ဆရာ၊ ဆရာမတွေဟာ က လေးတွေကို ပညာရေးနဲ့ အဆက်မပြတ်စေချင်သလို စစ်ကျွန်ပညာရေးကို မသင်စေချင်ကြပါဘူး။
ဒါကြောင့်လည်း လုံခြုံရေး၊ မိသားစုစားဝတ်နေရေးအခက်အခဲတွေကို လျစ်လျူရှု့ပြီးသင် ကြားရေးကို အလေးထားပေးနေတာဖြစ်လို့ “ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တန်ဖိုးထားပြီး အလေးအနက်ထားသင်ယူပေးကြဖို့လိုသလို မိဘတွေကလည်း ကြီးကြပ်ပေးဖို့လိုပါတယ်”လို့ ဦးဖြိုးဝေအောင်က အသိပေးပါတယ်။

အာဏာလုစစ်ကောင်စီက နိုင်ငံတစ်ဝန်းသူတို့ကို ခုခံတိုက်ခိုက်မှုတွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ကြားကကျောင်းတွေကို မဖြစ်မနေဖွင့်နေတာက စေတနာရှိလို့မဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေကထောက်ပြကြပါတယ်။စစ်ကောင်စီကနိုင်ငံကိုစီမံအုပ်ချုပ်နိုင်တယ်ဆိုပြီးနိုင်ငံတကာကို သက်သေပြချင်တာကြောင့်လို့တော်လှန်ရေးအဖွဲ့တွေကထောက်ပြပါတယ်။ပညာရေးကိုအားမပေးတာကြောင့်လည်း CDM ဆရာဝန်တွေ ၊အင်ဂျင်နီယာတွေ ၊ ဆေးကျောင်းသားတွေ ၊ဆရာ၊ဆရာမတွေ စတဲ့ နိုင်ငံရဲ့အကောင်းဆုံးဦးနှောက်ရှိတဲ့ပညာတက်တွေကို ဖမ်းဆီးထောင်ချ၊သတ်ဖြတ် နေတာလို့PDF တစ်ဦးကပြောပါတယ်။ ဒါအပြင် ပြည်သူတွေရဲ့ခုခံတော်လှန်စစ်ပွဲတွေ ကြုံလာရင် ကျောင်းတွေ ၊ကျောင်းသူကျောင်းဆရာ၊ဆရာဆရာမတွေကို လူသားဒိုင်းအနေနဲ့စစ်ကောင်စီကအသုံးချနိုင်တယ်လို့ အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကသတိပေးပါတယ်။
နိုင်ငံတစ်ဝန်နေစဥ် တိုက်ပွဲပေါင်း ဆယ်နဲ့ချီဖြစ်နေသလို ၊လူဒါဇင်ပေါင်းများစွာသေကြေနေတဲ့ ၊နေစဥ်အိမ်ခြေရာနဲ့ချီ စစ်ကောင်စီကမီးရှို့နေတဲ့တော်လှန်ရေးကာလမှာ ကျောင်းတွေဖွင့်တာဖြစ်လို့ ဘယ်ကျောင်းကိုပဲ ပို့ပို့ လုံခြုံရေးကတော့ အဓိကစိန်ခေါ်မှုဖြစ်ပါတယ်။စစ်ကောင်စီ ဖွင့်ထားတဲ့ကျောင်းရှိရာဒေသမှာစစ်ပွဲတွေဖြစ်လာရင်ပဲဖြစ်ဖြစ် ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေကကျောင်းတွေမှာပဲဖြစ်ဖြစ် ကျောင်းတွေဖွင့်စာသင်နေတုန်း တိုက်ပွဲတွေဖြစ်လာရင်တော့ လုံခြုံရေးကစိန်ခေါ်မှု ရှိပါတယ်။

ဒီနေရာမှာ NUG ပညာရေးဝန်ကြီးဌာနရဲ့လမ်းညွှန့်မှု အောက်က အွန်လိုင်းအခြေပြုကျောင်းတွေကတော့ လုံခြုံရေးအတွက် ပိုအဆင်ပြေပါတယ်။ဒါပေမယ့် အခုချိန်အထိ့အွန်လိုင်းအခြေပြု ကျောင်းတွေဟာ ဆယ်ဂဏာန်းပဲရှိသေးပြီးကျောင်းသားရာဂဏန်းကနေ ထောင်ဂဏန်းအထိ့ပဲ လက်ခံသင်ကြားပေးနိုင်တာကြောင့် ကျောင်းသားတိုင်းလက်လှမ်းမမီနိုင်ပါဘူး။ အွန်လိုင်းကပညာသင်ကြားရေးကိုလက်လှမ်းမီရင်လည်း စစ်ကောင်စီကမီးမှန်အောင်မပေးနိုင်သလို အင်တာနက်လည်းဖြတ်တာ၊အင်တာနက်သုံးစွဲခဈေးကြီးတဲ့ စိန်ခေါ်မှုတွေကတော့ရှိနေပါတယ်။ဒါကြောင့် NUG အနေနဲ့ ကျောင်းသား၊ကျောင်းသူတိုင်းလက်လှမ်းမိတဲ့ပညာရေးဖြစ်အောင်ပိုအားထုတ်ဖို့လိုနေပါသေးတယ်။
ဒီနေရာမှာ အရင်ကတည်းကကိုယ်ပိုင် ပညာရေးဌာနတွေ၊ပညာရေးစနစ်တွေကိုအလေူအနက်ထားပြင်ဆင်ထားတဲ့KIO/KIA ထိန်းချုပ်ရာဒေသနဲ့ KNU ထိန်းချုပ်ရာဒေသတွေက ကျောင်းသားကျောင်းသူတွေကတော့ ၎င်းတို့ရဲ့ပညာရေးစနစ်နဲ့ သင်ယူနိုင်တဲ့အခွင့်အလမ်းရကြပါတယ်။ ဒါတောင်စစ်ပွဲဖြစ်တဲ့ဒေသက စစ်ရှောင်ကလေးငယ်တွေပညာသင်ယူနိုင်ရေးက အခက်အခဲရှိပါတယ်။
မလွှဲမရှောင်သာစစ်ကောင်စီရဲ့ ကျောင်းတွေမှာတက်ရမယ့် ကျောင်း သားကျောင်းသူတွေရဲ့ လုံခြုံရေးဟာ အကြမ်း ဖက်စစ်အုပ်စုမှာ အပြည့်အဝတာဝန်ရှိတယ်လို့ NUG အစိုးရ၊ ပညာ ရေးဝန်းကြီးဌာနနဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး ဇွန် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ နိုင်ငံကိုအုပ်ချုပ်နိုင်ကြောင်း ပုံဖော်ဖို့ စာသင်ကျောင်းတွေဖွင့်ပြီး အနာဂတ်ကလေးတွေကို နိုင်ငံရေးအကျိုးအမြတ်အ တွက် အသုံးချနေတာဟာ ယုတ်ညံ့တဲ့အကြံ အစည်ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
စစ်အုပ်စုက ကျောင်းတွေဖွင့်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား အခက်အခဲမျိုးစုံကြားကနေ ကြံ့ကြံ့ခံပြီး CDM ဆရာ၊ ဆရာမနဲ့ ကျောင်း သားတွေ၊ ကျောင်းသားမိဘတွေ ဆက်လက်တိုက်ပွဲဝင်နေတာကြောင့် စာရင်းရှိအခြေခံ ပညာ ကျောင်းသားဦးရေရဲ့ ရာခိုင်းနှုန်းအနည်းစုသာ ကျောင်းအပ်ကြတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

“သို့ဖြစ်ပါ၍ CDM ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူအပေါင်းတို့ကို ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို ဆက်လက်ပြီး တင်းကျပ်စွာလေးစားလိုက်နာကြဖို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ထပ်လောင်း တိုက်တွန်းထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေမှာ ကျောင်းလာအပ်သူဦးရေဟာ ၅ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။ ဟုတ်၊မဟုတ် People’s Spring အနေနဲ့အတည်မပြုနိုင်ပါဘူး။ စစ်အုပ်စု အာဏာမသိမ်းခင်က ပညာသင်နှစ်တစ်နှစ်မှာ အခြေခံပညာကျောင်းသားကျောင်းသူပေါင်း ၉ သန်းမှ ၁၀ သန်းအတွင်းရှိပါတယ်။အခုအခြေအနေကတော့ ၂ နှစ်တိတိ ပညာသင်ယူတာတွေရပ်ထားကြရတာကြောင့် နိုင်ငံတစ်ဝန်းကျောင်းသားကျောင်းသူ ဦးရေ အရင်ကထက်ပိုများလာပြီး ၁၀ သန်းကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။
အခြေခံပညာကျောင်းတွေရဲ့ သင်ကြားရေးပိုင်းနဲ့ပတ်သက်ရင် ပုံမှန်အခြေအနေမှာတောင် ဆရာအချိုးနဲ့ ကျောင်းအချိုးမညီမျှဘဲ ဆရာ၊ ဆရာမလိုအပ်ချက် ရှိနေတာဖြစ်ပါတယ်။
ပိုဆိုးတာက ပြီးခဲ့တဲ့နှစ် စစ်တပ်ကအာဏာ သိမ်းပြီးနောက်ပိုင်းမှာနိုင်ငံတစ်ဝန်း CDMပြုလုပ်ထားတဲ့အခြေခံပညာနဲ့ အဆင့်မြင့်ပညာက ဆရာဆရာမပေါင်း ၂၄၀,၀၀၀ ကျော်ရှိပါတယ်။အဲဒီအထဲမှာအခြေခံပညာ ဆရာ၊ ဆရာမ ၁၂၀,၀၀၀ CDM လုပ်ထားတယ်လို့ NUG ကကောက်ယူရရှိတဲ့စာရင်းတွေအရ သိရပါတယ်။
အဲဒီဆရာ၊ ဆရာမလိုအပ်ချက်ကို စစ်ကောင် စီက ဖြေရှင်းရာမှာ နေ့စားလပေးသမားတွေ၊ ရက်တိုသင်တန်းတက်ပြီး ဆ ရာ၊ ဆရာမဖြစ်သွားတဲ့ ဆွဲခန့်တွေနဲ့ အိမ်ဖြည့်ထားပါတယ်။ဒါကြောင့် ကျောင်းသားနည်းနည်းလေးပဲ တက်တဲ့အရင်နှစ်ကတောင် စစ်ကောင်စီကျောင်းတွေမှာ ဆရာ၊ဆရာမတွေ သင်ကြားတာမှားယွင်းမှုတွေ မကြာခဏဖြစ်ခဲ့ပါတယ်။ကျောင်းသူ၊ကျောင်းသားပိုများလာရင် စစ်ကောင်စီကျောင်းတွေမှာ ဆရာ၊ဆရာမ အရေအတွက်လိုအပ်ချက်ရော ၊အရည်အချင်းလိုအပ်ချက်ရော ပိုကြီးမားလာမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ CDM လုပ်တာ စာမသင်ချင်လို့ မဟုတ်ဘူး။ တာဝန်မထမ်းဆောင် ချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့သည် ဒီစစ်အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ သား၊ သမီးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အရည်အသွေးပြည့်၀ တဲ့ပညာရေး ၊ အာမခံချက်ပြည့်၀တဲ့ပညာရေး ပေးနိုင်မယ်လို့ မယုံကြည်လို့ ဆရာ၊ ဆရာမတွေက CDM လုပ်ခဲ့ကြတာ။ အလုပ်မလုပ်ခဲ့ကြတာ။ လုပ်ငန်းခွင်ကို သပိတ်မှောက်ခဲ့ကြတာ” လို့ CDM ပြုလုပ်ထားတဲ့ဆရာနောင်ချိုကစစ်အာဏာရှင်ကိုဆန့်ကျင်ရတဲ့အဓိကအကြောင်းရင်းကိုရှင်းပြပါတယ်။
စစ်ကောင်စီအောက်ကကျောင်းတွေကဆရာဆရာမနဲ့ NUG ရယ် ၊တိုင်းရင်သားလက်နက်ကိုင်နယ်မြေတွေကကျောင်းတွေဆရာဆရာမတွေရဲ့စိတ်ဓါတ်ကတော့အတော်ခြားနားကြပါတယ်။CDM ဆရာ၊ဆရာမတွေကတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုက အာဏာသိမ်းတာကို ရဲရဲရင့်ရင့်ဆန်ကျင်ပြီး စစ်အာဏာရှင်စနစ် ကို အမြစ်ကနေ ဆွဲနှုတ်ဖို့အရာအားလုံးနီးပါးစွန့်လွတ်ပြီး အပင်ပန်းအဆင်ရဲခံ ၊အနစ်နာခံပြီး CDM ပြုလုပ်နေကြတာဖြစ်ပါတယ် ။ဒီနောက်ပိုင်းမှာဆိုရင် စစ်ကောင်စီက CDM ဆရာဆရာမတွေကိုဖမ်းဆီးထောင်ချတာတင်မကပဲ သတ်ဖြတ်တာတွေအထိ့လုပ်နေတဲ့ကြားက တိုင်းပြည်အနာဂတ်ကလေးတွေအနာဂါတ်ဆက်လက်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။
Non-CDM ဆရာဆရာမတွေမှာတော့ စစ်အာဏာရှင်စနစ်ကို အားပေးထောက်ခံသူတွေပါသလို ၊နိုင်ငံရေးနဲ့ ပညာရေးမဆိုင်ဘူးလို့တွေးသူတွေ ၊ ဆရာဆရာမနည်းပါးချိန်မှာ ရာထူးနဲ့အခွင့်အရေးပိုရဖို့ အခွင့်ကောင်းပဲလို့ထင်ပြီးဆက်လုပ်သူတွေ၊ စစ်အာဏာရှင်ကိုဆန့်ကျင်ပေမယ့်မိသားစုစားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် စိတ်ပူလို့ CDM မလုပ်ရဲလို့ဆက်နေရသူတွေ ၊ CDM ပြုလုပ်ထားရာကနေမိသားစုလုံခြုံရေး စားဝတ်နေရေးကြောင့်Non-CDM ပြုလုပ်သူတွေ စသဖြင့် မျိုးစုံပါဝင်ကြပါတယ်။

ဒါကြောင့်ခံယူချက်၊စိတ်ပိုင်းဖြတ်မှုချင်းမတူကြဘဲ ထက်မြတ်ပြီး အရည်အချင်းပိုရှိသူတွေ၊ပညာပိုတက်သူတွေ၊ဖန်တီးမှုပိုကောင်းပြီးတီထွင်ဆန်းသစ်တာတွေမှာက CDM ဆရာဆရာမတွေထဲမှာ ပိုများတယ်လို့ပညာရေးအသိုင်းအဝိုင်းနဲ့ကျောင်းသားမိဘတွေကပြောပါတယ်။
ဒီပဲယင်းမြို့နယ်အခြေစိုက် တော်လှန်ရေးရဲ ဘော်တစ်ဦးကတော့ ကြားကာလမှာ စစ်ကျွန် ပညာရေးကို လက်မခံဘဲ သခင်ပညာရေးကို အလေးအနက်ထားကြဖို့ တိုက်တွန်းပါတယ်။
စစ်ကျွန်ပညာရေးဆိုတဲ့ဓားနဲ့ အခုတ်ခံရပြီးအညွှန့်ချိုးခံရတာတွေ ရပ်တန့်ဖို့ မေတ္တာဆရာ၊ ဂရုဏာဆရာ၊ လစာဆိုတာအသာထား ကိုယ့် ထမင်းကိုစား၊ စိတ်ရှည်သည်းခံ သင်ကြားပေးနေတဲ့ အနစ်နာဆရာတွေကြောင့် ကလေးတွေရဲ့အနာဂတ်လှပလိမ့်မယ်လို့ သူ့ယုံကြည်ချက်ကို ပြောပါတယ်။
အာဏာရှင်အဆက်ဆက်ကပေးတဲ့ စစ်ကျွန် ပညာရေးမှာ ဒါမေး၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ အ လွတ်ကျက် ပညာရေးစနစ်နဲ့ ကလေးတွေဟာ ဘောင်ခတ်ခံခဲ့ကြရပါတယ်။
ပိုဆိုးတာက စစ်ယူနီဖောင်းမြင်တိုင်း လက်အုပ် ချီရ၊ အဖြူအစိမ်းဝတ် ဆရာ၊ ဆရာမတွေဟာ သင်ကြားရေးမလုပ်နိုင်ဘဲ ပေါင်းထိုး၊ မြက်နှုတ် သန့်ရှင်းရေးလုပ်ရ၊ကင်းစောင့်ရနဲ့ အသိပညာ၊ အတတ်ပညာရှင်မှန်သမျှဟာ စစ်ကျွန်ဘဝမှာ ပြားပြားမှောက်ခဲ့ရပါတယ်။
ဒါကြောင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး သခင်ပညာရေး(အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး)စီး ဦးတည်လျှောက်လှမ်းကြဖို့ Ayeyarwaddy Federal School ရဲ့ စီမံခန့်ခွဲရေးကော်မတီ ဒု-ဥက္ကဌ(၁) ဦးဖြိုးဝေအောင်က ကျောင်းသားမိဘတွေကို တိုက်တွန်းပါတယ်။

ပြီးတော့ သူတို့အနေနဲ့လည်း”အကန့်အသတ်ရှိတဲ့ ပညာရေး ကျွန်တော်တို့ မပေးပါဘူး။ အာမခံချက်ရှိသော၊ ယုံကြည်ရသော၊ လက်တွေ့ဘဝနှင့် ချိန်ထိုးအသုံးပြုနိုင်သော ပညာရေးကို ကျွန်တော်တို့ ပေးမှာပါ။ ဒါကို ရဲရဲကြီး ယုံကြည်ကြပါခင်ဗျာ”လို့ အသိပေးနှိုးဆော်ထားပါတယ်။
စစ်ပွဲတွေကြားက ပညာသင်ကြားရမှာဖြစ်လို့ လတ်တလောအတွက်အရေးကြီးဆုံးဆိုရင် ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမတွေရဲ့ လုံခြုံရေးပဲဖြစ်ပါတယ်။စစ်ကောင်စီကျောင်းတွေမှာ ပြီးခဲ့တဲ့မတ်လကပြုလုပ်တဲ့စာမေးပွဲမှာ လက်နက်ကိုင်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရှိနေပြီးတော့ ပဲခူးတိုင်းကကျောင်းတစ်ကျောင်းမှာ စစ်သားသေနတ်ကျည်ထွက်လို့ ကျောင်းသူတစ်ဦးသေဆုံးခဲ့ပါတယ်။ကျောင်းတွေမှာ ဘယ်လက်နက်ကိုင်အဖွဲ့မှရှိမနေသင့်ဘဲ ၊ကျောင်းကိုဦးတည်တဲ့တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့ကမှ မကျူးလွန်ရပါဘူး။ကျူးလွန်ရင် ကျူးလွန်သူ၊ကျူးလွန်တဲ့အဖွဲ့က အကြမ်းဖက်တာပဲဖြစ်ပါတယ်။
စာသင်ကျောင်းတွေကို တိုက်ခိုက်ခြင်းဟာမည်သည့်ဘက်၊ မည်သည့်အစုအဖွဲ့ကတိုက်ခိုက်သည်ဖြစ်စေ လုံးဝလက်ခံမှာမဟုတ်ဘဲ ရှုတ်ချတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က ဇွန် ၃ ရက်မှာကြေညာထားပါတယ်။

စစ်အုပ်စုကတော့ အာဏာသိမ်းပြီး ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုလာတဲ့အခါ ဆန္ဒပြပွဲတွေကို ဖြိုခွဲဖို့ပြင်ဆင်တဲ့ ၂၀၂၁ မတ်လကတည်းက ကျောင်းတွေမှာ မကြာခဏတပ်စွဲလေ့ရှိပါတယ်။
NUG ရဲ့ ပညာရေးဝန်ကြီးဌာန နဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတို့ရဲ့ ဇွန် ၃ ရက်ထုတ်ပြန်ချက်မှာ မိဘတိုင်း၊ကျောင်းသား ကျောင်းသူတိုင်းအထူး ဂရု ပြုသင့်တဲ့အချက်တစ်ချက်ကို အကြံပြုထားတာလည်းတွေရပါတယ်။
“အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများအပေါ် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသည့် ဖြစ်နိုင်ချေကို ပေါ့ပေါ့တန်တန် မမှတ်ယူအပ်ပါ။” လို့ဖြစ်ပါတယ်။
