မြန်မာကျပ်ငွေကို ဘလောက်ချိန်းနည်းပညာသုံး ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကထုတ်ပြန်ကြေညာသည်။
ဒစ်ဂျစ်တယ်မြန်မာကျပ် -Digital Myanmar Kyat (DMMK) ဟု အမည်ပေးထားသည့်အဆိုပါငွေကြေးစနစ်ကို NUGPay Mobile Wallet ဖြင့် အသုံးပြုနိုင်မည်ဟုလည်း NUG၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကအသိပေးထားသည်။

“ကိုယ်ပိုင်တဲ့ ငွေကြေးကို ကိုယ်တိုင်စီမံနိုင်မယ့် NUGPay ရောက်ရှိလို့လာပါပြီ။ NUGPay ဟာ Blockchain နည်းပညာကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်း ပိုက်ဆံအိတ်ပဲ ဖြစ်ပါတယ်။”ဟုNUGကဆိုသည်။

DMMK(ဒစ်ဂျစ်တယ်မြန်မာကျပ်ငွေကြေး)ကို NUGpay မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်သုံးရမည်ဖြစ်သည်။DMMKသည် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပြီး NUGpayသည် အဆိုပါငွေကြေးကို ငွေပေးငွေယူပြုလုပ်ရာတွင် အသုံးပြုငွေပေးချေရမည့် မိုဘိုင်းငွေပေးချေသောပလက်ဖောင်းနည်းစနစ်ဖြစ်သည်

NUGက မိတ်ဆက်သည့် NUG Pay ကို Android ဖုန်းများတွင်စတင်အသုံးနိုင်မည်ဖြစ်ပြီး iOSများတွင်မကြာခင်အသုံးပြုရအောင်ဆောင်ရွက်ပေးသွားမည်ဟုအသိပေးသည်။
Andriodဖုန်းများတွင် NUGPayကို Play Store မှဆင့် Download ရယူနိုင်မှာ ဖြစ်ပြီး စတင်ရယူနိုင်မည့်နေ့ရက်ကိုမကြာခင် ကြေညာသွားမည်ဟုလည်းပါရှိသည်။

“ကျပ်ငွေကို စစ်တပ်က အတင်းကြပ်ထိန်းချုပ်ထားတဲ့အချိန်မှအခုလိုနည်းပညာသစ်နဲ့ ထိုးဖောက်နိုင်တာတော်လှန်ရေးအတွက် အားတတ်စရာပါ။ ဒါပေ့မယ်NUGကဘယ်လောက်ထိအကောင်အထည်ဖော်နိုင်မလဲ စောင့်ကြည့်ရမယ်”ဟုငွေရေးကြေးရေးလုပ်ငန်းတစ်ခုမှ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးကပြောသည်။

စစ်ကောင်စီက NUGမှ မိုဘိုင်းငွေပေးချေစနစ်ကို ကိုယ်ပိုင်တည်ထောင်မည်ဟု သတင်းများထွက်ပေါ်လာချိန်မှ စတင်ပြီး စစ်ကောင်စီက ခွင့်ပြုထားခြင်းမရှိသည့် မိုဘိုင်းငွေပေးချေမှုများ၊ ဒစ်ဂျစ်တယ်ငွေကြေးများကို ထောင်ဒဏ်နှစ်နှစ်ချနိုင်သည့် ဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။
