၉ မိနစ်နှင့် ၁၀ စက္ကန့်သာရှိသော ဇာတ်လမ်းတိုကလေးက စစ်အာဏာရှင်စနစ်ကို အဆုံးထိ့တွန်းလှန်ဖို့ တွန်းအားတွေအများကြီးပေးလိမ့်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်များတွေးထားမည်မဟုတ်ပါ။
ထိုဇာတ်လမ်းတိုလေးမှာအကြမ်းဖက်စစ်ကောင်စီ၏ မတရားပုဒ်မအတပ်ခံထားရသူများထဲတွင် ပါဝင်သည့် အဝေးတစ်နေရာရောက် မြန်မာရုပ်ရှင် အနုပညာရှင်များဖြစ်သော ဒါရိုက်တာဏကြီး၊ သရုပ်ဆောင် ဒေါင်း၊ ပိုင်ဖြိုးသုတို့၏ နိုင်ငံမဲ့သူ ရုပ်ရှင်ဇာတ်ကားတို ထွက်ရှိလာခဲ့သည်။အမှောင်ခေတ်ထဲမှာ ခေတ်ပြိုင်ခံစားမှုအားကောင်းစွာ တင်ဆက်ခဲ့သည့် ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုဖြစ်ခဲ့သည်။
အနုပညာအားကောင်းလှသော ဒါရိုက်တာဏကြီးနှင့် သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဇနီးမောင်နှံသည် မီ ရုပ်ရှင်ဇာတ်ကားမှာကတည်းက အမှတ်ရခဲ့သူများဖြစ်သည်။ ဒေါင်းသည်လည်း အနုပညာမှော်ဝင်မှုကောင်းသူဖြစ်ပြီး ဇာတ်ကောင်စရိုက်အပေါ် ပူးဝင်ခံစားကာ သရုပ်ဆောင်တတ်သူဖြစ်သည်။ ဒေါင်းနှင့်ပိုင်ဖြိုးသုမှာ အချစ်ဖြင့်လွမ်းစေ၊ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက် အစရှိသည့် ရုပ်ရှင်ဇာတ်ကားများတွင် အတွဲညီညီ အပေးယူမျှမျှ သရုပ်ဆောင်ခဲ့ကြသည်။
ဏကြီး၊ဒေါင်းနှင့်ပိုင်ဖြိုးသုတို့သည် လူငယ်ချင်းလည်းဖြစ်၊အနုပညာကိုလည်းရူးသွပ်ကြပြီး သုံးဦးလုံး စာဖတ်ဝါသနာပါတာခြင်းလည်း တူညီကြသည်။ နောက်ထပ်တူညီတာတစ်ခုက အာဏာရှင်စနစ်ကို ရွံမုန်းပြီး နွေဦးတော်လှန်ရေးမှာ ဟန်ပြမဟုတ်ဘဲ စိတ်ပါလက်ပါ ပါဝင်နေကြခြင်းဖြစ်သည်။

ဇာတ်လမ်းထဲတွင် ဇာတ်ကောင်တစ်ခုစီရှိသော်လည်း ဒေါင်းနှင့်ပိုင်ဖြိုးသုမှာ သရုပ်ဆောင်နေသည်နှင့်မတူပါ။ မွန်းကျပ်နေသည့်စိတ်တွေကို စီးကရက်သောက်ရင်း ထွက်ပေါက်ပေးနေသည့်ဇာတ်ဝင်ခန်းများ၊ ခပ်ဝေးဝေးမှာ တစ်အုန်းအုန်းတစ်ဒိုင်းဒိုင်း မီးလောင်ပေါက်ကွဲမှုကိုမြင်တွေ့ရင်း သက်ပြင်းချသံများ၊ ပိုင်ဖြိုးသု ကျသည့်မျက်ရည်များ၊ အစရှိသည့်ဇာတ်ဝင်ခန်းများသည် သရုပ်ဆောင်နေတာမဟုတ်တော့ပါ။
ယင်းဇာတ်ကားကို မေလ ၃၀ နံနက် ၈နာရီတွင် စတင်ခဲ့ပြီးနောက် ညဦးပိုင်းအထိ ၁၂ နာရီအကြာတွင် ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့သည်။
ကိုးမိနစ်ခန့်သာကြာသည့် အဆိုပါဇာတ်လမ်းတိုကို ကြည့်ရှုပြီးသူများက ချီးကျူးခဲ့ကြသည်။ ဇာတ်လမ်းပါ စကားပြောများ၊ အကြောင်းအရာများက မေလ ၃၀ ရက်နေ့လူမှုကွန်ရက်စာမျက်နှာထက်တွင် လွှမ်းမိုးနေတော့သည်။
“ဇာတ်လမ်းတိုလေးဆိုပေမယ့် ပေးချင်တဲ့ message က အားလုံးရင်ဘတ်ထဲရောက်တယ်။အရှုံးမပေးမချင်း ငါတို့နိုင်တယ်။Respect andCongratulations နိုင်ငံပျောက်သူ
အဖွဲ့သားများ”ဟု သရုပ်ဆောင်မင်းမော်ကွန်းက ချီးကျူးရေးသားခဲ့သည်။
“ဘယ်လိုဖြစ်ဖြစ် ရုပ်ရှင်တိုတိုလေးနဲ့ အာဏာသိမ်းပြီးနောက် အိမ်ကနေထွက်ပြေးလာရ အိမ်မပြန်နိုင်ဖြစ်နေတဲ့
နိုင်ငံပျောက်နေသူတွေအကြောင်းကိုရင်ထဲထိအောင် ရိုက်ပြနိုင်တာကိုတော့အသိအမှတ်ပြုရ ချီးကျူးရတယ်။”ဟု ရဲဘော်ချေဆိုသူက ရေးသားသည်။
လူငယ်ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သူ ပြည့်ဇော်ဖြိုးကလည်း “ဘယ်မှာစိတ်မကောင်းဖြစ်လဲဆိုတော့ သုသုတင်ထားတဲ့ Making ပုံတွေမြင်မှနင့်နေအောင်ခံစားလိုက်ရတယ်။ကိုဏကြီးဆိုတာ ဟိုးအရင်ကတည်း “ဘယ်ကလာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်သွားမှာလဲ ၊ “ဘိုမ” စတဲ့ ရုပ်ရှင်တွေနဲ့ ကြိုက်ခဲ့တဲ့ဒါရိုက်တာ။”မီ” ရုပ်ရှင်ဇာတ်ကားကို ဇနီးမောင်နှံနှစ်ယောက်ရဲ့အနုပညာတွေနဲ့ ခြယ်မှုန်းခဲ့ကြတယ်။”What happened to the wolf? ” ရုပ်ရှင်ကားကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသနိုင်ခဲ့တယ်။ဆုတွေရခဲ့တယ်။အခုအခြေအနေတွေသာမဖြစ်ခဲ့ရင်ဒါရိုက်တာဏကြီးရိုက်နေတဲ့ရုပ်ရှင်ရိုက်ကွင်းတစ်ခုဟာEquipment အစုံအလင်၊ Crew အစုံအလင်နဲ့ စိတ်ကြိုက်အနုပညာတွေဖန်တီးဖို့ဘယ်
လောက်တောင်ကြီးကျယ်ခမ်းနားနေမလဲဆိုတာ တွေးကြည့်လို့ရတယ်။အခုအခြေအနေတွေရောက်နေသည့်တိုင်အောင် ပုံမှန်အတိုင်းနေပြီး အရင်လိုပြန်ရိုက်ဖို့အရင်လိုဘဝကိုပြန်နေဖို့လည်းရွေးချယ်လို့ရတယ်။ဒါပေမယ့် သူတို့မောင်နှံနှစ်ယောက်အဲဒီလမ်းကို မရွေးဘူး”ဟု ရေးသားခဲ့သည်။
ဇာတ်လမ်းတိုကို အခက်အခဲမျိုးစုံကြားမှ ရိုက်ကူးခဲ့ရပြီး အရေးပေါ်ဆေးကုသမှုခံယူပြီးသုံးရက်အကြာတွင်ရိုက်ကူးထား၍ ဆေးအရှိန်ဖြင့်ဖောင်းကားနေသည်ကို သည်းခံရန် သူမ၏ဖေစ်ဘွခ်တွင်ရေးသားထားသည်။
NUG ၏ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ကလည်း
“ငါတို့တွေ နိုင်ငံမဲ့သွားတာလား။ ဝမ်းမနည်းကြပါနဲ့။ နိုင်ငံအသစ် တည်ကြတာပေါ့။ ဝမ်းမနည်းပါနဲ့ ၊မသနားပါနဲ့ ၊ စိတ်မကောင်း မဖြစ်ပါနဲ့ နာကျည်းခြင်း ကို ခွန်အားယူပါ။ လူတစ်စုအဆင်ပြေဖို့ လူဆင်းရဲတွေ အသေခံနေတာ မဟုတ်လို့ ယုံကြည်ချက်ကို မလွှတ်ချသ၍ မရှူံးဘူး။”ဟု မေ ၃၀ တွင်ရေးသားသည်။
ကြည့်ပြီးသူအများစုက ဇာတ်လမ်းတိုလေးကိုကြည့်ရင်း ဝမ်းနည်းသဖြင့် ငိုမိသလိုနွေဦးတော်လှန်ရေးအတွက် ပိုမိုအားစိုက်ကြိုးပမ်းကြရန် ကတိစကားများကိုလည်း တွေ့ရသည်။
“ကြည့်ပြီးပါပြီ ရင်ထဲဆို့နစ် ငိုမိကိုယ်တွေတာဝန်မကျေသေးဘူးဆိုတဲ့စိတ်တွေနဲ့ ခံစားရ”ဟု ပြည်သူတစ်ဦးက ပဒေသာပင် ၏ ဇာတ်လမ်းတို ပိုစ်အောက်တွင်ရေးသားထားသည်။
“ကြည့်ပြီးပါပြီ ငိုလည်းငိုပြီးပါပြီနိုင်ရာဝန်ကိုအဆုံးထိ ထမ်းသွားမှာပါ”ဟု အခြားပြည်သူတစ်ဦးကလည်းဖွင့်ဟသည်။
“ဇာတ်လမ်းတိုလေးပေမဲ့ ရင်ထဲကို ထိချက်ကပြင်း” ဟု ပြည်သူတစ်ဦးကလည်းရင်ဖွင့်သည်။
ပြည်သူနှင့်အတူရပ်တည်သည့်အနုပညာရှင်များ၏ ၁၀မိနစ်
ပင်မပြည်သောဇာတ်လမ်းတိုကလေး၏ အနုပညာနှင့်ကိုင်လှုပ်နိုင်စွမ်းက အာဏာလုစစ်ကောင်စီအကြိုက်ဝါဒဖြန့်ပေးနေသော ပြည်သူ့ရင်ခွင်ခြေစုံကန်နေသည့်အနုပညာရှင်များ၏ အပေါစားဝါဒဖြန့်မှုများနှင့် နှိုင်းယှဥ်လျှင် အဆင့်အတန်းမှာ ကမ္ဘာတစ်ခုခြားနေကြောင်းကိုလည်း သက်သေပြသလိုပင်ဖြစ်နေပါသည်။
ဇာတ်သိမ်းခန်းတွင် ဒေါင်းပြောသွားသည့် စကားတစ်ခွန်းက ဒီဇာတ်ကား၏ အသက်ဖြစ်သည်။ ထိုစကားကို ဇာတ်လမ်းတို ကြည့်ရှုပြီးသူများက မှတ်သားကာ ပြန်လည်မျှဝေနေကသည်။
“အရှုံးမပေးနဲ့။ အရှုံးမပေးမချင်း ငါတို့နိုင်တယ်။”
သို့သော်နိုင်ငံပျောက်သူဟုသောအယူအဆ အပေါ် စိတ်ဓါတ်ပြင်းထန်သောတော်လှန်သူများက အပြည့်အဝ သဘောတူဟန်မပြပါ။

“နိုင်ငံမဲ့တယ် မမဲ့ဘူးဆိုတာထက် ကိုယ့်အတွက်တော့ လောလောဆယ် အိမ်မဲ့သွားတာ…။ ဒါကြောင့် အခုချိန်မှာတော့ ရောက်ရာအရပ် အိမ်ကဲ့သို့ဝန်းကျင်ကို ဖန်တီးဖို့ပဲ အားခဲထားတယ်။ တဒင်္ကနိုင်ငံမဲ့ခြင်းဟာ ခွန်အားသစ်ပဲ။ယုံကြည်မှုကပဲ အားသစ်လောင်းစေနိုင်တာပဲ။ ကမ္ဘာသစ်
၊ နိုင်ငံသစ်ဟာ တကယ်ရှိလာမယ်လို့ ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်း ဆက်လျှောက်ကြရမယ်” ဟု ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်း၏ ၂၀၂၁ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ တွင်ရွေးချယ်ခံရသော ကချင်တိုင်းရင်းသူ အက်စတာဇေနောကလည်းရေးသားထားသည်။ အက်စတာဇေနောသည်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၊စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အစောဆုံးဆန္ဒပြပွဲများတွင်ပါဝင်သူဖြစ်သည်။ အက်စတာဇေနော နှင့် NUG ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင် တို့သည်အစောဆုံး ရန်ကုန် ဆန္ဒ
ပြပွဲများတွင်အတူပါဝင်ခဲ့သလို ၊ Time မဂ္ဂဇင်း၏ သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် ၁၀၀ တွင်လည်း အတူရွေးချယ်ခံခဲ့ရခြင်းဖြစ်၏ ။
နိုင်ငံပျောက်သူ ဇာတ်လမ်းတို ရုပ်ရှင်မှရရှိလာသည့် ကြော်ငြာများမှ ဝင်ငွေများကို နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း တော်လှန်သောအနုပညာရှင်များကအသိပေးထားသည်။
ဇာတ်လမ်းတိုလေး၏ရည်ရွယ်ချက်မှာ သွေးမအေးသွားဖို့၊ အရှုံးမပေးဖို့ ၊ တက်နိုင်သည့်ဘက်က ပါဝင်ပေးဖို့ဖြစ်ကြောင်းဒေါင်းကသတင်းစကားပါသည်။
ပိုင်ဖြိုးသူကလည်း”အခုချိန်မှာ အားလုံးပဲပင်ပန်းနေကြပြီ ဆိုတာကိုနားလည်ပါတယ်။ တစ်ဖက်(အာဏာသိမ်းစစ်ကောင်စီနှင့် နောက်လိုက်များ )ဘက်အတင်းကြီးကို Normalize ( ပုံမှန်ဖြစ်အောင်ပြုလုပ်သည်) လုပ်ယူနေတဲ့အချိန်မှာ ကြိုးစားပြီးတောင့်ခံပေးထားကြတဲ့ ပြည်သူတစ်ယောက်ချင်းစီကိုလည်း ကျေးဇူး အထူးတင်တယ်လို့ပြောပါရစေ”ဟုပြည်သူများကို ကျေးဇူးစကားဆိုသည်။
တော်လှန်ရေးတွင်သွေးအေးသွားသူ၊အိပ်ပျော်နေသူများကိုဒေါင်း၏အပြီးသတ်ပြောစကားဖြင့်လှုပ်နှိုးသွားသည်။
“ကျွန်တော်တို့အားလုံးဟာ အရင်လိုပုံမှန်လည်ပတ်ပြီး ပျော်ပျော်ရွင်ရွင် နေထိုင်ချင်တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံကြီးက နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ဘူး” ။
