ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့တွင် အဓမ္မဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအားလုံလွတ်မြောက်ရေးအတွက် နိုင်ငံတကာရောက်မြန်မာများနှင့် နိုင်ငံခြားသားများက တောင်းဆိုဆန္ဒပြလှုပ်ရှားခဲ့ကြသည်။
“လူထုခေါင်းဆောင်ရဲ့ မွေးနေ့နှင့်တိုက်ပွဲဝင်ရဲဘော်အပေါင်းတို့အတွက် ကျနော်တို့ ပြည်သူတွေဟာ သွေးမအေးသေးကြောင်း၊ မတရားပုဒ်မတွေနဲ့ အဖမ်းဆီးထိန်းသိမ်းခံ ရဲဘော်တွေနဲ့ အတူရှိနေကြောင်း၊ တစ်တိုင်းပြည်လုံးဟာ တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေတဲ့ ရဲရဲနီနှင်းဆီတွေဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်စုအပါအဝင် တစ်ကမ္ဘာလုံးကို ရဲဝင့် ထင်ရှားစွာ ပြသကြဖို့လိုပါတယ်” ဟု နိုင်ငံတကာရှိ နွေဦးတော်လှန်ရေးလှုပ်ရှားသူများက တိုက်တွန်းသည်။






ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာရောက် မြန်မာများသာမက ယူကရိန်း၊ ချက်၊ ဖင်လန်၊ အာမေးနီးယား နိုင်ငံသားများ၊ သမိုင်းပညာရှင်နှင့် နိုင်ငံရေးသမားများက ညာဘက်လက်တွင် ‘၇၇’ ၊ဘယ်ဘက်လက်တွင် ‘Freedom From Fear’ စာသား ဖြင့် ဓာတ်ပုံရိုက်ဖော်ပြသည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၁,၀၀၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက ယနေ့အချိန်အထိ မတရား ပုဒ်မများဖြင့် အဓမ္မ ဖမ်းဆီးအကျဉ်းချထားပြီး လက်တလောတွင်လည်း တိုက်ပွဲဝင်ခေါင်းဆောင်များ ဖြစ်သည့် ၈၈မျိုးဆက်မှ ကိုဂျင်မီ နှင့် NLD အမတ်ဟောင်း ကိုဇေယျာသော်တို့အပါအဝင် ၄ ဦးအပေါ် သေဒဏ်ပြစ်ဒဏ်ကိုစစ်အုပ်စုက အတည်ပြုထားသည်။




“မကြောက်တရားကသာလျှင်ဒီတိုက်ပွဲကိုအောင်မြင်စေမယ့်တစ်ခုတည်းသော နည်းနာဖြစ်တယ်။ နိုင်ငံသားအားလုံးရဲ့ ဘဝတွေအပါအဝင် နိုင်ငံတခုလုံး ကြိုးကွင်းစွပ် သေဒဏ်ပေးခံနေရချိန်ဟာ အကြောက်တရားထဲက ရုန်းထ ရဲရဲရင့်ရင့် တကယ့်နိုင်ငံတခုကို တည်ဆောက်ကြရမယ့် အချိန်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရဲရင့်လှတဲ့ ပြည်သူလူထုကြီးကလည်း ဒီခေတ်၊ ဒီမျိုးဆက်မှာ အာဏာရှင်ကို အမြစ်ဖြတ် မဆုတ်မနစ် တော်လှန်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ရပါတယ်။ အာဏာရှင်စနစ်ဆိုးကို ငါတို့မျိုးဆက်မှာ အမြစ်ဖြတ်မယ်” ဟုတက်ကြွလှုပ်ရှားသူများက တိုက်တွန်းသည်။
