နေရောင်ခြည်စွမ်းအင်ကို လက်တွေ့ အသုံးပြုပြီး မောင်းနှင်နိုင်မယ့် ကားတစ်မျိုးကို ပထမဆုံးအကြိမ်အဖြစ် ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်သွားတော့မယ်လို့ သိရပါတယ်။
နယ်သာလန် အခြေစိုက် Lightyear ကုမ္ပဏီက အခုနှစ်ကုန်ပိုင်းမှာ နေကနေတဆင့် စွမ်းအင်ရယူ အသုံးပြုမယ့် Lightyear 0 မော်တော်ကားတွေကို ဥရောပ စျေးကွက်ထဲ စတင် တင်ပို့သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ နိုဝင်ဘာလလောက်ဆို ဒီကားတွေကို လက်တွေ့ ဝယ်ယူခွင့် ရလာစေမယ်လို့ ကုမ္ပဏီဖက်က မျှော်လင့်နေပါတယ်။
နေရောင်ခြည်စွမ်းအင်ကို စုဆောင်းခံယူမယ့် ဆိုလာပြားတွေကို အမိုးပေါ်မှာ တပ်ဆင်ထားတဲ့ Lightyear 0ဟာ ဘက်ထရီပြည့်အောင် အားသွင်းထားရင် ၃၈၈ မိုင်ထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ ဒါဟာ နာမည်ကျော် လျှပ်စစ်ကားဖြစ်တဲ့ Tesla Model 3ရဲ့ တစ်ကြိမ်အပြည့် အားသွင်းပြီး မောင်းနိုင်မယ့် ခရီးတာ ၃၇၄ မိုင်ထက် နည်းနည်းလေး ပိုများသလို Kia Niro Long Range လျှပ်စစ်ကားရဲ့ ၂၈၅ မိုင်ဆက်တိုက် မောင်းနှင်နိုင်တဲ့ အတိုင်းအတာထက် သိသိသာသာ ပိုနေတာ တွေ့ရပါတယ်။
ကားအမိုးပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်ထားပြီး နေစွမ်းအင် စုဆောင်းယူတဲ့ စိတ်ကူးကို ကုမ္ပဏီ တချို့က စမ်းသပ်ကြည့်ဖူးပေမယ့် Lightyearလို ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်နိုင်တဲ့ထိတော့ မအောင်မြင်သေးပါဘူး။ Lightyear 0 မော်တော်ကားဟာ နေရောင်ခြည် ကောင်းကောင်း ကျရောက်တဲ့ နေရာမှာဆိုရင် တစ်နာရီ အားသွင်းထားတိုင်း ခရီးတာ ၆ မိုင် မောင်းနှင်နိုင်မယ့် စွမ်းအင်ကို စုဆောင်းယူနိုင်မယ်လို့ ဆိုပါတယ်။ ပြီးတော့ သန့်စင်စွမ်းအင်ကို အသုံးပြုထားတဲ့အတွက် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုလည်း မရှိပါဘူး။
နေရောင်ခြည် ကောင်းကောင်း ရရှိတဲ့ နိုင်ငံတွေမှာ နေ့တိုင်း ကားကို အသုံးပြုနေမယ်ဆိုရင် သီးသန့် အားပြန်သွင်းနေဖို့တောင် မလိုဘူးလို့ Lightyear ကုမ္ပဏီက ကြွေးကြော်ထားပါတယ်။ စပိန်တို့၊ ပေါ်တူဂီတို့လို နေရောင်ခြည် ပြည့်ပြည့်ဝဝ ရရှိတဲ့ နိုင်ငံတွေမှာသာ တစ်နေ့ကို ၂၂ မိုင်လောက်ပဲ မောင်းနှင်နေမယ်ဆိုရင် ဒီကားက သီးသန့် အားပြန်သွင်းဖို့ လုံးဝ မလိုတဲ့ သဘောမျိုးလို့ ကုမ္ပဏီက ဆိုပါတယ်။
ဒါပေမဲ့ ကားရဲ့ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကတော့ လျှပ်စစ်ကားတွေ၊ ရုပ်ကြွင်းလောင်စာသုံး ကားတွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေး အားနည်းနေဆဲလို့ ဝေဖန် ထောက်ပြတာတွေ ရှိနေပါတယ်။ ဒီကားကို ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းထိ အရှိန်တင်ဖို့ ၁၀ စက္ကန့်လောက်ကြာအောင် အရှိန်ယူရပြီး အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၁၀၀ ထက် မပိုပါဘူး။ ကုမ္ပဏီကတော့ ကားရဲ့ တည်ဆောက်မှုဟာ ခရီးရှည်ရှည် မောင်းနှင်ရေးကို ဦးစားပေးထားလို့ မြန်နှုန်းက အားရစရာ သိပ်မရှိကြောင်း ဝန်ခံခဲ့ပြီး နောက်ထပ် မျိုးဆက်သစ် မော်ဒယ်လ်တွေမှာတော့ ဒီအပိုင်းကို မြှင့်တင်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြီးတော့ ဆီဖိုး အကုန်အကျ နည်းသွားပေမယ့် ကားတန်ဖိုးကလည်း အတော်ကြီးပါတယ်။ ပထမအသုတ်အဖြစ် Lightyear 0 ၉၄၆ စီး ထုတ်လုပ်ဖို့ လျာထားပြီး တစ်စီးကို ယူရို ၂ သိန်းခွဲလောက် ကျသင့်မှာပါ။ ဒါဟာ နာမည်ကျော် Ferrari ပြိုင်ကားမော်ဒယ်လ် Romaထက်တောင် စျေးနည်းနည်း ပိုများပါတယ်။ ပြီးတော့ Tesla Model 3ရဲ့ တစ်စီး ဒေါ်လာ ၅ သောင်း၊ Nissan Leafရဲ့ တစ်စီး ဒေါ်လာ ၂ သောင်းခွဲကျော် စျေးတွေနဲ့ ယှဉ်ရင် တော်တော်ကို ကွာဟချက် ကြီးသွားပါတယ်။ Lightyearကတော့ ၂၀၂၅ လောက်မှာ ထုတ်လုပ်မယ့် မျိုးဆက်သစ်မော်ဒယ်လ် Lightyear 2လောက်ကျရင် တစ်စီးကို ဒေါ်လာ ၃ သောင်းကျော်လောက်ထိ စျေးလျှော့ချနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။
