လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျရောက်သည့် (၇၇)နှစ်မြောက်မွေးနေ့တွင်ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းခဲ့ကြသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို ရေလည်ကျွန်းဒေသတပ်ခွဲရဲဘော်များ၊ ရှေ့တန်းရောက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ရဲဘော်များ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု(PPC)မှ ရဲဘော်များ၊ YDF Htilin Battalion 3 မှရဲဘော်များ၊ ဂန့်ဂေါ PDF မှ ရဲဘော်များ၊ အမှတ် -၁၀၀၈ တပ်ရင်း(ရှမ်းတောင်)မှ ရဲဘော်များ၊ NUG အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၇) ရဲဘော်များ၊ က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြသည်။




“အမေစုကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ ၊ အမေ့ခေါင်းမှာပန်ဖို့ သားတို့ပန်းတွေခူးနေကြတယ်အမေ”ဟု ရေစကြို PDF ရဲဘော်များက ဆုတောင်းပေးသည်။
ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး “အမေစုနှင့်တကွမတရားဖမ်းဆီးခံထားရသောသူများအားလုံး မြန်မာတပြည်လုံးအမြန်ဆုံးအာဏာရှင်လက်အောက်မှလွတ်မြောက်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။




“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြည်သူ့မေတ္တာလွှမ်းခြုံ၍ သက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးပါစေ။အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။အချုပ်အနှောင်ခံနေရသော အမှန်တရားဘက်တော်သားအားလုံးလည်းအမြန်ဆုံးလွတ်မြောက်ပါစေ”ဟု ဂန့်ဂေါ PDFက ဆုတောင်းပေးသည်။
ယောဒေသကာကွယ်ရေးတပ်(ထီးလင်း) တပ်ရင်း – ၃ ကလည်း “ဒီမွေးနေ့မှသည် အမေဒေါ်အောင်ဆန်းစုကြည်အသက်ရှည်ကျန်းမာ ပျော်ရွှင်ပါစေအချုပ်အနှောင်များမှ လွတ်မြောက်ပါစေ။ မြန်မာပြည်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံပြည်သူများ အချုပ်အနှောင်များမှ လွတ် မြောက်ပါစေအာဏာရှင်စနစ်ကျဆုံးပါစေကြောင်းကျွန်တော်တို့အသက်နဲ့ သစ္စာတည်၍ ဆုတောင်းပေး လိုက်ပါတယ်ခင်ဗျာ”ဟု ဆုတောင်းပေးသည်။



မိဘပြည်သူများလည်း ဖက်ဆစ်စစ်တပ်၏ အတုအ ယောင် ဒီမိုကရေစီ၌ မနစ်မြောဘက် အကြေက်တရားကို တော်လှန်ကြရန် YDF ထီးလင်းတပ်ရင်း(၃)က တိုက် တွန်းခဲ့သည်။
ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် PDF တပ်ဖွဲ့များ၊ပြည်သူများနှင့် ပြည်ပရောက်မြန်မာများက မွေးနေ့ဆုတောင်းပေးခဲ့ကြပြီးအချုပ် အနှောင်မှ အမြန်လွတ်မြောက်စေရန်ကို ဆုတောင်းခဲ့ကြသည်။
