မြောက်ကိုရီးယား နိုင်ငံဟာ ကိုဗစ် ကပ်ရောဂါအပြင် နောက်ထပ် ကူးစက်ရောဂါ တစ်ခုနဲ့ပါ ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရပါတယ်။
အထီးကျန် ရပ်တည်နေတဲ့ နိုင်ငံရဲ့ အတွင်းပိုင်းမှာ သတင်းအမှောင်ချမှု အားကောင်းလွန်းတာကြောင့် အခြေအနေတွေ ဘယ်လို ဖြစ်နေသလဲ ဆိုတာကို တိတိကျကျ မသိရပေမယ့် ကိုဗစ်ရောဂါအပြင် အူရောင်ရောဂါ တစ်မျိုးပါ ကူးစက် ပျံ့နှံ့နေတယ် ဆိုတာကို အစိုးရပိုင် KCNA သတင်းဌာနက အတည်ပြုသွားခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အခုတော့ ကူးစက်ရောဂါဆိုး နှစ်ခုရဲ့ ဖိစီးမှုကိုပါ ခံစားနေရပြီ ဖြစ်ပါတယ်။ KCNAက နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြင်းထန်တဲ့ အူရောင်ရောဂါ ကူးစက်လူနာတွေကို အကူအညီပေးဖို့ နိုင်ငံ အနောက်ပိုင်းက ဟေဂျူးမြို့ဆီ ဆေးဝါးတွေ ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြသွားပါတယ်။ ဒါပေမဲ့ လူနာ ဘယ်လောက် ကူးစက်ခံရသလဲ ဆိုတာနဲ့ ရောဂါ ဖြစ်ပွားတဲ့ အကြောင်းရင်းတွေကိုတော့ မထုတ်ပြန်ပါဘူး။
ခေါင်းဆောင်ကြီး ကင်ဟာ အဲဒီ ကူးစက်ရောဂါ အသစ်ကို တတ်နိုင်သမျှ အဆောတလျင် ထိန်းချုပ်ဖို့ ညွှန်ကြားထားပြီး လူနာတွေကို သီးသန့်ခွဲခြားထားမယ့် Quarantine အစီအစဉ်တွေကို လိုအပ်သလို လုပ်ဆောင်ခွင့် ပေးထားကြောင်းလည်း သိရပါတယ်။
ကိုရီးယား နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်ရေး ကိစ္စတွေကို တာဝန်ယူထားတဲ့ တောင်ကိုရီးယား အစိုးရ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား ကြုံတွေ့နေတဲ့ ရောဂါအသစ်နဲ့ ပတ်သက်လို့ အလေးအနက် စောင့်ကြည့်နေမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပထမဆုံးအကြိမ် ဆိုးဆိုးရွားရွား တွေ့ကြုံနေကြောင်း တရားဝင် ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခဲ့ပါတယ်။ နိုင်ငံထဲမှာ ကပ်ရောဂါ အခြေအနေ ဘယ်လို ဖြစ်နေသလဲဆိုတာ အတိအကျ မသိရပေမယ့် ကာကွယ်ဆေးနဲ့ တခြား ဆေးဝါးတွေ ခေါင်းပါးလွန်းတာကြောင့် စိုးရိမ်သင့်ကြောင်း နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
တောင်ကိုရီးယား အစိုးရက ကပ်ရောဂါ တိုက်ဖျက်ရေး အစီအမံတွေမှာ ပါဝင် ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် မြောက်ပိုင်းမှာရှိတဲ့ ပြိုင်ဘက် နိုင်ငံကတော့ တစ်စုံတရာ အကြောင်းမပြန်ဘဲ နှုတ်ဆိတ်နေတယ်လို့လည်း သိရပါတယ်။
