ကလေးမြို့မှ ချင်းတောင်တက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှဗျူဟာမှူး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ် CDF-CMD (စီးယင်း)၏ တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်များသည် ဇွန် ၁၆ ရက်က စစ်ကား ၁၇ စီးဖြင့် ကလေးမြို့မှ တီးတိန်မြို့ကို တက်လာစဉ် ဇွန် ၁၇ ရက်က CDF CDM-Siyin နှင့် PDF Zolandတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဒီတစ်ခေါက် ၁၆ ရက်နေ့တက်ပွဲမှာပါလာတဲ့ဟားခါးစကစ ဗျုဟာမှူးလည်းအပြင်းအထန်ဒဏ်ရာရရှိကြောင်းသတင်းရထားပါတယ်”ဟု CDF-CDM(စီးယင်း)မှ တာဝန်ရှိသူကပြောသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များကပြောသည်။
ချင်းတောင်ကိုတက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အတက်လမ်းတွင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သော်လည်း အပြန်တွင် စစ်ကောင်စီကားများသည် လူထုကားများကို အကာအကွယ်ယူခြင်းနှင့် ခရီးသည်ကားများကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်မှု ကောင်းကောင်းမွန်မလုပ်နိုင်ခဲ့ကြောင်းCDF-CDM(စီးယင်း)ကတာဝန်ရှိသူကပြောသည်။
စစ်ကောင်စီကားတန်းများ ချင်းတောင်ပေါ်တက်လာပါက ပြည်သူများအနေဖြင့်ခရီးသွားခြင်းမပြုရန်နှင့် စစ်ကောင်စီကားများသည် ပြည်သူ့ပိုင်ကားများကို အကာအကွယ်ယူပြီး သွားလာခြင်းကြောင့် ကာကွယ်ရေးတပ်များ တိုက်ခိုက်ရန်အခက်အခဲဖြစ်ရသည်ဟု CDM(စီးယင်း)ကဆိုသည်။ထိုကြောင့် စစ်ကောင်စီကားများအတက်အဆင်းရှိလျှင် ပြည်သူများက ခရီးမထွက်ရန် ၊ စစ်ကောင်စီကားများနှင့်ကပ်မသွားရန် အထက်ပါတာဝန်ရှိသူကပြောသည်။
“ပြည်သူအားလုံး ငြိမ်းချမ်း စေချင်တဲ့ PDF အနေနဲ့ဒီတစ်ခါ နောက်ဆုံးပြည်သူကိုငဲ့ညာခြင်းဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြည်သူများအနေဖြင့် စစ်ကောင်စီကားများနှင့်အတူ ခရီးသွားပါက သက်ညှာပေးတော့မည်မဟုတ်ကြောင်းပြောသည်။
