ဓနုဒေသတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ဖွဲ့စည်းရန်ငွေကြေးအကုန်အကျခံလူစုစည်းနေသည့် ပင်းတယမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်သူကို ရှမ်းတောင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သုတ်သင်ရှင်းလင်းလိုက်သည်။
ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဌဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင်ဝင်ရောက်ယှဥ်ပြိုင်ရှုံးနိမ့်ခဲ့သောအမတ်လောင်းဖြစ်သောဦးကျော်ငြိမ်းကို ယနေ့(ဇွန် ၁၈ရက်)တွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကပြောသည်။
“ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ”ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။
ဦးကျော်ငြိမ်း အသတ်ခံရသည့်သတင်းကိုဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ထံ ဆက်သွယ်မေးမြန်းရာ ၄င်းတို့မသိရှိသေးဟုပြောသည်။ တောင်ကြီးနှင့်ကလောမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သတင်းများထွက်ပေါ်နေသည်။
ဦးကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်နေရာ၌ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကဖွဲ့စည်းသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်နှင့်ပျုစောထီးများဖွဲ့စည်းရေးကို အင်တိုက်အားတိုက်လုပ်နေ၍လူမုန်းများခြင်းခံနေရသူဖြစ်သည်။
“ဦးကျော်ငြိမ်းကပြည်နယ်(၂)မှာဝင်ပြိုင်ပြီး ရှုံးတာတောင် စစ်ကောင်စီအောက်မှာ ဝင်အလုပ်လုပ်နေသေးတယ်။ ပြည်နယ်(၁)မှာက ဦးအာကာလင်းဝင်ပြိုင်တာ။ ဦးအာကာလင်းလည်းဒေသခံတွေရဲ့ မျက်နှာကို မကြည့်ဘဲစစ်ကောင်စီဘောကိုပဲမနေတာတွေ့နေရတယ်။မြင်နေရတယ်။ ” ဓနုတိုင်းရင်းသားတစ်ဦးကပြောသည်။
ဦးအာကာလင်းသည်လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားပြီး စစ်ကောင်စီ၏ လုံခြုံရေးအစောင့်အလျှောက်ဖြင့် နေထိုင်နေသူဖြစ်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံများသည် စစ်ကောင်စီအုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြသည်။ ဇွန်လ ၁၅ရက်ကလည်း ရွာငံမြို့မှ စစ်ကောင်စီဒေါက်တိုင် ဒလန်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။
