မီးရှို့ခံရသော ကရင်နီပြည်ဘုရားကျောင်းရှေ့၌ စစ်တပ်မြှုပ်ထားခဲ့သည့် မိုင်းကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးခြေတစ်ဖက်ဆုံးရှုံးခဲ့ကြောင်း Free Burma Rangers က ယနေ့ထုတ်ပြန်သည်။
တချိန်က အေးချမ်းခဲ့သော ကရင်နီပြည်ဒေါ်ညဲကုကျေးရွာလေးကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးခဲ့ပြီး တပ်မ ၆၆ မှ စစ်သားများက ယင်းကျေးရွာကို တပတ်လုံးတိုက်ခိုက်နေခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းသို့ အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ကျေးရွာသားများသည် ရွာနောက်ရှိ တောင်တန်းများအကြား ရက်ပေါင်းများစွာကြာပုန်းခိုနေခဲ့ရပြီး ၎င်းတို့၏ ကျေးရွာလေးကို မီးတင်မရှို့ရန် နေ့စဉ်ဆုတောင်းနေခဲ့ရသည်။

သို့သော် ရွာသားများသည် ပစ်ခတ်သံများ၊ လက်နက်ကြီးကျည်ပစ်သံများကို နေ့စဉ်ကြားခဲ့ရပြီး ၎င်းတို့၏ နေအိမ်များ မီးတင်ရှို့ခံရသည်ကို အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရကြောင်း Free Burma Rangers အဖွဲ့ ထုတ်ပြန်သည်။


ဒေါ်ညဲကုကျေးရွာသားများ၏ နေအိမ်အားလုံး မီးမလောင်ကျွမ်းမီ ဒေသခံကရင်နီတပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်တပ်ကို ပြန်လည်ခုခံတိုက်ထုတ်ရန်ကြိုးစားခဲ့ပြီး ၁၆ နှစ်အရွယ် ကရင်နီ တပ်ဖွဲ့ဝင်တစ်ဦးသည် မီးရှို့ခံထားရသည့် ဘုရားကျောင်းရှေ့တွင် မိုင်းမိကာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့သည်။
လှပသော ဘုရားကျောင်းခေါင်းမိုးသည် ပြိုကျခဲ့ပြီး မီးတောက်များကြောင့် ဘုရားကျောင်း၏ တံခါးများနှင့်ကျန်အစိတ်အပိုင်းများလည်း ပျက်စီးခဲ့သည်။
