ဇွန် ၅ မှစသောတိုက်ပွဲများတွင်စစ်သားအနည်းဆုံး၅ဦးသေ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး၊ ထိန်ချောင်းဝ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။
တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး ထိန်းချောင်းဝတွင် ဇွန် ၁၇ ရက်နံနက်၁၀နာရီကျော်ချိန်၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟုလည်း တနင်္သာရီပျောက်ကြားအဖွဲ့ ကထုတ်ပြန်သည်။
“ဇွန် ၅ ရက်ကတည်းက လယ်သစ်ကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာ။ ထိတွေ့တိုက်ပွဲက အခုရက်ပိုင်းမှ ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။
လယ်သစ်ရွာတွင်ဇွန် ၁၅ ရက် ညနေပိုင်းမှစ၍တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုနေ့မှစတင်ပြီးဇွန် ၁၈ ရက်အထိ ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့သည်ဟု တနင်္သာရီကာကွယ်ရေး ပျောက်ကြားအဖွဲ့ကထုတ်ပြန်သည်။
ဇွန် ၁၆ ရက်တရက်တည်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံပျူစောထီးအဖွဲ့တို့မှ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဇွန်၁၅ရက်တွင်စစ်ကောင်စီတပ်သား ၂ဦးသေပြီး၇ဦး ဒဏ်ရာရရှိခဲ့သည်။ထိုအပြင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၃ ဦးထွက်ပြေးခဲ့သည်ဟုတနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့က အသိပေးထားသည်။
“ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ”ဟု တနင်္သာရီပျောက်ကြားအဖွဲ့ တာဝန်သူကPeople’s Spring သို့ပြောသည်။
လက်ရှိတွင်တိုက်ပွဲဆက်လက်မဖြစ်သေးဘဲ စစ်ရေးတင်းမာနေကြောင်းလည်း ၎င်းကဆက်ပြောသည်။
