ယနေ့ (ဇွန်လ ၁၉)ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်-ဆားလင်းကြီး မြောက်ခြမ်း၊ ပုလဲ၊ ကနီ၊ ကလေးနှင့် ခင်ဦးမြို့နယ်တို့တွင် ဒေသခံပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၌ သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို လုပ်ဆောင်ခဲ့ကြပြီး၂၀၀၈ ခြေဥအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် ခင်ဦးမြို့နယ်ရှိ သပိတ်ကော်မတီဝင် ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဘုရားသို့ သွားရောက်၍ မွေးနေ့ရှင် အမေစုသက်ရှည်ကျန်းမာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းမေတ္တာပို့သခြင်း ပြုလုပ်ခဲ့ကြသည်။




ညနေပိုင်း၌ ယင်းမာပင်-ဆားလင်းကြီး မြောက်ခြမ်း၊ ပုလဲ၊ ကလေးမြို့နယ်တို့တွင် တော်လှန်ပြည်သူများ စုပေါင်း၍ “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် စာသားနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံတို့ကို ကိုင်ဆောင်ပြီး စစ်ကောင် စီ၏ မတရားဖမ်းဆီးခံထားရသူများ၊ ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ယနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားများ၊ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။
