ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဘုံကျေးရွာတွင် ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ယနေ့ပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်ဘုံကျေးရွာတွင် ယနေ့(ဇွန် ၁၉ရက်) နေ့လယ် ၁၂နာရီခန့်က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး သုံးကြိမ်ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“မှော်ဘုံမှာ သပိတ်စစ်ကြောင်းတစ်ခုရှိနေတုန်း စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းထုတာ။ စစ်ကြောင်းကို မထိဘူး။ ဒေသခံသုံးယောက်တော့ ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူသုံးဦးအနက် (၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဒဏ်ရာပြင်းထန်၍ ဖားကန့်ဆေးရုံတွင် တက်ရောက်ကုသနေရသည်။
ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို နေ့စဥ်ပြုလုပ်နေသည်။
စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။
