ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀၀ကျော်ဖြင့် ကျေးရွာများဘက်သို့စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေခြင်းကြောင့် ဒေသခံပြည်သူများဘေးလွတ်ရာကြိုတင်ရှောင်ရှားကြရန် ကသာမြို့နယ် (ပကဖ)က ယနေ့(ဇွန် ၁၉)အသိ ပေးထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကသာမြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိစစ်ကြောင်းမှာ ပုလွှေရွှေရွာဘက်သို့လည်းကောင်း၊ အင်အား ၁၀၀ကျော်ပါအခြားစစ်ကြောင်းတစ်ခုမှာ ကျောက်ထုံးကြီးဘက်သို့လည်းကောင်း အသီးသီးထွက်ခွာနေသည်ဟု ဖော်ပြ သည်။
ပုလွှေရွှေကျေးရွာဘက်သို့သွားသော စစ်ကြောင်းသည် ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ပုလွှေရွှေကျေးရွာဆိပ်ကမ်းအတက်တွင် လက်နက်ကြီးဖြင့် ရမ်းပစ်ရာ နေအိမ်တစ်လုံးပေါ်ကျပြီး အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း ထုတ်ပြန်သည်။
ထို့အပြင် အခြားစစ်ကြောင်းတစ်ခုသည်ပုလွှေရွှေကူးတို့ပိုင်ရှင် ဝင်းထွန်း၏ သံခွန်စက်လှေကြီးနှစ်စီးဖြင့် ကျောက်ထုံးကြီးဘက်သို့ ဆန်တက်လျက်ရှိရာ ဒုံးအော့ဆိပ်ကမ်းအနီးရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြသည်။
“ကသာမြို့နယ် အရှေ့ဘက်ကမ်းပြည်သူများ အမြန်စစ်ဘေးရှောင်ပေးထားကြပါရန် ပန်ကြားအပ်ပါသည်။ လိုင်းရသူများ ကျွန်တော်တို့ Admin Team မှ နိူးဆော်ချက်အား ဒေသခံပြည်သူများအား ဖုန်းဖြင့်သော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း သတင်းပေးပို့ပေးကြပါ ခင် ဗျာ”ဟု ကသာ(ပကဖ)မှ အသိပေးသည်။
ထို့ကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းများဦးတည်လာနိုင်သည့် ပုလွှေရွှေ၊ အင်းဒရံ၊ ဒုံးအော့၊ မြိုင်သာယာ၊ အထက်သဖန်းဒေါင့်၊ အောက်သဖန်းဒေါင့်၊ ရေနီ၊ ကျောက်ထုံးကြီး၊ နွယ်နီ ကျေးရွာများမှ ပြည်သူများအနေဖြင့် ဘေးလွှတ်ရာသို့ ရှောင်တိမ်းကြရန် နိူးဆော်ထားသည်။
