အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။
ဘိုင်ဒန်ဟာ ဝန်ကြီးဌာနရဲ့ အင်တာဗျူး အသံဖိုင်နဲ့ စာသားတွေ ထုတ်ပြန်လာမယ့် အစီအစဉ်ကို တားဆီးပေးရေး တရားစွဲဆိုမှု တစ်ခုကို ဝါရှင်တန်ဒီစီ မြို့တော်က ဖက်ဒရယ် တရားရုံးမှာ မေလ ၂၆ ရက်နေ့တုန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ တွေအတွင်း ဘိုင်ဒန်က သူ့ရဲ့ ကိုယ်ရေး အထုပ္ပတ္တိ ပြုစုရေးသားသူနဲ့ ပုဂ္ဂိုလ်ရေး အင်တာဗျူး လုပ်ထားတဲ့ အသံဖိုင်၊ စာသားတွေကို တရားရေး ဝန်ကြီးဌာနက အမေရိကန် အောက်လွှတ်တော်ရဲ့ တရားရေး ကော်မတီနဲ့ အမွေအနှစ် ဖောင်ဒေးရှင်းဆီကို ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။
အစိုးရရဲ့ လျှို့ဝှက်အဆင့် မှတ်တမ်းဖိုင်တွေကို ဘိုင်ဒန် ကိုင်တွယ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မတီရော၊ ဖောင်ဒေးရှင်းကပါ အဲဒီ အင်တာဗျူး မှတ်တမ်းတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ရာဇဝတ်ကြောင်းအရ စွဲချက်တင်တဲ့ ကိစ္စမျိုးတွေတော့ ရှိမလာခဲ့ပါဘူး။

Public Service Announcement
Promise Me, Dad: A Year of Hope, Hardship, and Purpose ဆိုတဲ့ အထုပ္ပတ္တိ စာအုပ်အတွက် အင်တာဗျူး လုပ်ခဲ့ချိန်တုန်းက ဘိုင်ဒန်ဟာ အမေရိကန် သမ္မတ ဖြစ်မလာသေးဘဲ သမ္မတ ဘာရတ် အိုဘားမား အစိုးရထဲမှာ ဒုတိယ သမ္မတအဖြစ် တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ နောင်တစ်ချိန် သမ္မတ နေရာအတွက် ယှဉ်ပြိုင်ဖို့ သူစဉ်းစားထားတဲ့ အကြောင်းတွေ၊ သားဖြစ်သူ ဗြူရဲ့ ဦးနှောက်ကင်ဆာ ကုသမှု ခံယူရတဲ့ ကိစ္စတွေ အကြောင်းကို ဘိုင်ဒန်က အဓိက ဆွေးနွေး ပြောဆိုထားပါတယ်။
ဖောင်ဒေးရှင်းက အင်တာဗျူး အသံဖိုင်နဲ့ မှတ်တမ်းတွေကို ထုတ်ပေးဖို့ တောင်းဆိုလာချိန်မှာ ဘိုင်ဒန် အစိုးရရဲ့ တရားရေး ဝန်ကြီးဌာနက ပြည်သူ့မှတ်တမ်း ဥပဒေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ဒန်ရဲ့ ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့် အမေရိကန် သမ္မတ ဖြစ်လာတဲ့ အစိုးရ အပြောင်းအလဲ နောက်ပိုင်းမှာတော့ တရားရေး ဝန်ကြီးဌာနဟာ ဖောင်ဒေးရှင်းရဲ့ တောင်းဆိုချက်အတိုင်း အင်တာဗျူး မှတ်တမ်းတွေကို ထုတ်ပေးဖို့ စီစဉ်လာခဲ့တာပါ။
ဘိုင်ဒန်ရဲ့ ရှေ့နေတွေ တင်သွင်းတဲ့ တရားစွဲဆိုချက်မှာတော့ အဲဒီ အင်တာဗျူး မှတ်တမ်းတွေ ထုတ်ပေးဖို့ တောင်းဆိုတာဟာ ဥပဒေ ခွင့်ပြုချက်တွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် ဖောင်ဒေးရှင်းရဲ့ အဆိုပြုမှုကို တားဆီးပေးဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ပုဂ္ဂိုလ်ရေး အင်တာဗျူး မှတ်တမ်းတွေ ထုတ်ပြန်ခြင်းကို အပြီးအပိုင် တားမြစ်ပေးဖို့လည်း ရှေ့နေတွေဖက်က တောင်းဆိုထားပါတယ်။
အင်တာဗျူး မှတ်တမ်းတွေ ထုတ်ပေးဖို့ တရားရေး ဝန်ကြီးဌာနကို ဖောင်ဒေးရှင်းဖက်က ဥပဒေကြောင်းအရ တောင်းဆိုနေတဲ့ ကိစ္စမှာ ပါဝင် ကိုင်တွယ် တုံ့ပြန်ခွင့်ရဖို့ လဆန်းပိုင်းတုန်းက ဘိုင်ဒန်ဟာ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရားသူကြီး တစ်ဦးက အမှုမှာ ဘိုင်ဒန် ပါဝင်ပတ်သက်ဖို့ကို ခွင့်ပြုပေးခဲ့ပေမယ့် အင်တာဗျူး ဖိုင်တွေ ထုတ်ပေးဖို့ တောင်းဆိုမှုကို တိုက်ရိုက် စိန်ခေါ် တားဆီးပိုင်ခွင့်တော့ မရှိဘူးလို့ သတိပေးခဲ့ပါတယ်။
ဘိုင်ဒန်ရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တရားရေး ဝန်ကြီးဌာနဖက်ကတော့ တစ်ခုခု မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ကိုးကား: Reuters
















































