မေ-၂၆၊၂၀၂၆။သုည/People’s Spring
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဗန် ငယ်ဘဝပညာသင်ခဲ့တဲ့ကျောင်းကိုဒီကနေ့(မေလ ၂၆) မှာသွားရောက်ခဲ့တာဖြစ်ပြီး ကျောင်းသားကလေးငယ်တွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေကလည်း ဗန့်ကို အားရဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။
ဂျိုရှုအာဗန်ဟာ (၂၀၁၁ ခုနှစ်) အသက် ၁၀ နှစ်သား အရွယ်မှာ မိသားစုနဲ့အတူ မလေးရှားနိုင်ငံကို စစ်ဘေးရှောင်ရင်း အဆိုပါ ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဗန်ဟာ ယင်းကျောင်းမှာ ၂ နှစ်ခန့် ပညာသင်ကြားခဲ့ပြီးအသက် ၁၂ နှစ်အရွယ်(၂၀၁၃ ခုနှစ်)မှာတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ဒုက္ခသည်အစီအစဉ်နဲ့ ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် UFC ချန်ပီယံဗန်ဟာ ငယ်စဥ်ပညာသင်ခဲ့တဲ့ကျောင်းကို ၁၃ နှစ်အကြာမှာ လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
မေ ၂၅ရက်နေ့ကလည်း ဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ယင်းတွေ့ဆုံပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu Hall မှာ ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေခန်းမပြည့်လျှံအောင် တက်ရောက်အားပေးကြတာ တွေ့ခဲ့ရပါတယ်။
မူလကမေလ၂၇ ရက်မှာကျင်းပမယ့် CRC-Chin Refugee Committeeအသင်းရဲ့(၂၅) နှစ်မြောက် ငွေရတုအခမ်းအနားမှာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် ခန်းမအခြေအနေကြောင့် အားပေးလိုသူအားလုံး ဆန့်မှာမဟုတ်တဲ့အတွက် (Meet & Greet) အစီအစဉ်ကို ၂ရက်ကြိုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း CRC က ဖော်ပြခဲ့ပါတယ်။
ဂျိုရှုအာဗန်ဟာ လူငယ်တွေအတွက် စိတ်အားတက်ကြွစေမယ့် အားပေးစကားတွေ ပြောကြားခဲ့သလို ဖြူဖြူကျော်သိန်းကလည်း “ ကြယ်” သီချင်းအပါအဝသ် သီချင်းတွေသီဆိုဖျော်ဖြေခဲ့ပါတယ်။
UFCဖလိုင်းဝိတ်တန်းချန်ပီယံဂျိုရှုအာဗန်ဟာ မလေးရှား ခရီးစဉ်အပြင် ထိုင်းနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ ချင်းတိုင်းရင်းသား ဗန်ဟာ အာရှမှာ ပထမဆုံး UFC ချန်ပီယံဖြစ်ပါတယ်။
မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
https://www.facebook.com/reel/1535097161655676ရုပ်သံ – Joshua Van
















































