မဂ္ဂနီကျု ၇.၂ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဂျပန်နိုင်ငံမှာ အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ပြီး ဒေသခံတွေလည်း အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။
ဒီဇင်ဘာ ၈ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ကမ်းလွန် ငလျင်ကြီးဟာ ဆန်ဒိုင်မြို့ အရှေ့ဖက်၊ အေမိုရီ ကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၈၀ အကွာလောက်ကို ဗဟိုပြုခဲ့ပါတယ်။ ပြီးတော့ ရေအောက်အနက် ကီလိုမီတာ ၅၀ လောက်ကို ဦးတည်ခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်ပြီးတာနဲ့ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဟော့ကိုင်းဒိုး၊ အေမိုရီနဲ့ အီဝါတီ ကမ်းခြေတွေမှာ ၁၀ ပေထိ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်ကြောင်း အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးတော့ ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေကိုလည်း အာဏာပိုင်တွေက အမြန်ဆုံး ရွှေ့ပြောင်းစေခဲ့ပါတယ်။ ငလျင်ကြီး လှုပ်ခတ်ပြီး မိနစ်ပိုင်းလောက် အကြာမှာပဲ အေမိုရီရဲ့ မွတ်ဆူ အိုဂါဝါရာနဲ့ ဟော့ကိုင်းဒိုးရဲ့ အူရူကာဝါ ဆိပ်ကမ်းတွေမှာ အမြင့် ၁ ပေခွဲနီးပါးရှိတဲ့ လှိုင်းလုံးငယ်တွေ စတင် ဝင်ရောက်လာတာကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ဆူနာမီ လှိုင်းတွေဟာ ဆင့်ကဲရိုက်ခတ်တတ်တဲ့ သဘောမျိုးရှိပြီး နောက်ဆက်တွဲ ပိုမိုပြင်းထန်တဲ့ လှိုင်းတွေပါ ရောက်လာနိုင်တာကြောင့် ကမ်းခြေဒေသ နေထိုင်သူတွေ အမြန်ဆုံး ရွှေ့ပြောင်းနေဖို့ ဆော်ဩနေတာ ဖြစ်ပါတယ်။
ကျွန်းစု နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိပြီး အားပြင်းတဲ့ ငလျင်ကြီးတွေနဲ့ အရင်ကလည်း ကြုံတွေ့ဖူးပါတယ်။
၂၀၁၁ ခုနှစ်၊ မတ်လတုန်းက ဂျပန်မှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၉.၀ အဆင့် ကမ်းလွန်ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် လူ ၂၀၀၀၀ လောက် သေဆုံးခဲ့သလို ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေ ထိခိုက်အက်ကွဲပြီး နျူကလီးယား ကပ်ဘေးသင့်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
ကိုးကား: Metro















































