close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်ထိန်းချုပ်မှု​အောက်က ခြောက်ကပ်ကပ် မဲဆွယ်ပွဲများ

လက်ရှိစစ်တပ်​ရွေး​ကောက်ပွဲကိုဝင်ပြိုင်ခဲ့တဲ့ပါတီ​တွေဟာ ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ ခွက်ခွက်လန်​အောင်ရှုံးနိမ့်ခဲ့တဲ့ပါတီ​တွေဖြစ်ကြပါတယ်။​၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်အာဏာသိမ်းဖို့​မြောက်​ပေးတဲ့ပါတီ ၃၀ ​ကျော်ထဲကအများစုပဲဝင်ပြိုင်ကြတာဖြစ်ပါတယ်။

ဆောင်း​ရေးသားသည်။

“မကြောက်နဲ့ ဆက်အော်၊
ဘာမှကြောက်စရာမရှိဘူး၊ တိုင်းပြည်ကလည်း အေးချမ်းနေပြီ၊ အေးအေးဆေးဆေးဖြစ်နေပြီ။
ပြည်ခိုင်ဖြိးပါတီနိုင်ရမည်၊
မကြောက်သွားနဲ့ အားလေးနည်းနည်းထည့်အော်”

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပေးမှုနဲ့ ​ရွေး​ကောက်ပွဲအနိုင်ရပါတီဆိုပြီး မျက်နှာဖုံး​ပြောင်းတပ်ဖို့ပြင်ဆင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံး‌ရေးမြင်ကွင်းတစ်ခုပါ။မဲဆွယ်ပွဲတက်လာသူတွေဆီက မပွင့်တပွင့် သာ ကြားရတဲ့ ကြွေးကြော်သံကို အားမရတာကြောင့် ပါတီတာဝန်ရှိသူက အားနဲ့မာန်နဲ့ အော်ဟစ်ကြဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ်ကမကထပြုကျင်းပမဲ့ ၂၀၂၅ရွေးကောက်ပွဲမဲဆွယ်ကာလပကတိအခြေ အနေတွေကို လှစ်ဟပြသနေတဲ့ မြင်ကွင်းတစ်ခုလို့လည်းဆိုနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုဖြစ်တဲ့ ကိုဗစ်ကာလအတွင်း ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပ ချိန်ကတောင် အထင်ကရ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပေမဲ့ စစ်တပ်​ရွေး​ကောက်ပွဲရဲ့ မဲဆွယ်ပွဲတွေကတော့ ခြောက်ကပ်ကပ် ဒေသန္တရတွေ့ဆုံပွဲပုံစံမျိုးတွေသာဖြစ်နေပါတယ်။

မဲဆွယ်ချိန်မှာ ပေးခဲ့တဲ့ ကတိစကားတွေမတည်ရင် “ဆွဲသာထိုးပါ” ၊“-င်ချွတ်ပေးမယ်၊ တစ်ယောက် တစ် ချက်သာရိုက်ကြပါ” ဆိုတဲ့ လက်တွေ့မဆန်တဲ့ ပြောစကားတွေကြားရသလို မဲဆွယ်ပွဲတက်ကြတဲ့ ပါတီ ထောက်ခံသူလို့ဆိုကြသူတွေဆီကလည်း အူလှိုက်သည်းလှိုက် ကြွေးကြော် ဟစ်အော် လှုံ့ဆော် ပုံမျိုးတွေ မတွေ့ရသလောက် နည်းပါးပါတယ်။

လက်ရှိမှာ ကတိကဝတ်အမျိုးမျိုးနဲ့ ရွေးကောက်ပွဲအတွက်မဲဆွယ်နေကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ် စားလှယ်လောင်း အသီးသီးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်​တော်​နေရာအချို့ အနိုင်ရခဲ့ဖူးတဲ့ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ SNDP(ယခု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)ရဲ့ ဝန်ခံချက်တစ်ခုကို တော့ သတိပြုဖို့လိုအပ်ပါတယ်။

SNDP ဟာ ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ စိတ်တိုင်းကျ စီစဥ်ခဲ့တဲ့ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုး ပါတီပြီးရင် အနိုင်ရနေရာ ဒုတိယအများဆုံးပါတီဖြစ်ပါတယ်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၅၈ဦးအနိုင်ရပြီး အဲ့ဒီအထဲက ငါးဦးကပြည်နယ်အဆင့် ဝန်ကြီး၊ တစ်ဦးကတော့ ပြည်ထောင်စုဒုတိယဝန်ကြီး ခန့်အပ်ခံခဲ့ရပါတယ်။

အဲ့ဒီလိုအထိုက်အလျောက် ရွေးကောက်ပွဲအောင်မြင်မှု ရခဲ့ပေမဲ့ နိုင်ငံကိုတိုးတက်ပြောင်းလဲနိုင်တဲ့အထိ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက အခုရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောချိန်မှာဝန်ခံထားပါတယ်။

လက်ရှိစစ်တပ်​ရွေး​ကောက်ပွဲကိုဝင်ပြိုင်ခဲ့တဲ့ပါတီ​တွေဟာ ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ ခွက်ခွက်လန်​အောင်ရှုံးနိမ့်ခဲ့တဲ့ပါတီ​တွေဖြစ်ကြပါတယ်။​၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်အာဏာသိမ်းဖို့​မြောက်​ပေးတဲ့ပါတီ ၃၀ ​ကျော်ထဲကအများစုပဲဝင်ပြိုင်ကြတာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ နိုင်ငံတဝန်းဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ခုထဲက ၄ ပါတီက ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတစ်နေရာမှအနိုင်မရခဲ့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာ အနိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ(လက်ရှိ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ) ၁ နေရာသာ အနိုင်ရခဲ့ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခဲ့ကြတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ ခု ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ၉၂၀ နေရာ အနိုင်ရခဲ့တာပါ။ NLD ပါတီရဲ့ အနိုင်ရရှိမှုဟာ ၈၂ ရာခိုင်နှုန်းကျော် ရှိခဲ့တာဖြစ်ပြီး ဒုတိယအများဆုံးအနိုင်ရတဲ့ ပြည်ခိုင်ဖြိုးဟာ ၆ ဒသမ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ။

ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ဟာ တစ်နေရာမှ အနိုင်မရခဲ့သလို ပါတီခေါင်းဆောင်တွေဖြစ်တဲ့ သူတို့နှစ်ဦးစလုံးဟာလည်း NLD ကိုယ်စားလှယ်လောင်းတွေကိုအပြတ်အသတ်ကိုမဲရှုံးနိမ့်ခဲ့တာပါ။

ဒါ​ကြောင့်​ခေတ်အဆက်ဆက်​ရွေး​ကောက်ပွဲတိုင်းလူထု​ထောက်ခံမှုတခဲနက်ရှိတဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ပါတီ​ခေါင်း​ဆောင် လည်းဖြစ် နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံ​​ရေးအကျဥ်းသား​သောင်းနဲ့ချီပြီးစစ်တပ်ကမတရားဖမ်းဆီးထားတာ၊ NLD ပါတီအပါအဝင် အဓိကအတိုက်အခံပါတီကြီး​တွေမပါဝင်တာ ၊ စစ်တပ်က​​ရွေး​ကောက်ပွဲလုပ်မယ်​ကြေညာပြီး နိုင်ငံတစ်ဝန်းဗုံးကြဲပြီး အကြမ်းဖက်​နေတာ ၊ နိုင်ငံ​ဒေသအ​တော်များများမှာတိုက်ပွဲ​တွေဖြစ်ပွား​နေတာ၊​နေအိမ်​ပေါင်းသိန်းချီမီးရှို့ခံရပြီး ပြည်သူသန်း​ပေါင်းများစွာအိမ်ကထွက်​ပြေး​နေရသလို ပြည်သူအများစုဘက်​ပေါင်းစုအကြပ်အတည်း​ကြောင့် မလုံခြုံမှုနဲ့ အငတ်​ဘေးရင်ဆိုင်​နေရချိန်မှာ စစ်တပ်လုပ်မယ့်​ရွေး​ကောက်ပွဲကို ကုလသမဂ္ဂမှတာဝန်ရှိသူ​တွေအပါအဝင် ဒီမိုက​ရေစီအ​ရေးအား​ပေးတဲ့နိုင်ငံ​တွေ၊နိုင်ငံ​ရေးသမား​တွေကလွတ်လပ်မျှတတဲ့​ရွေး​ကောက်ပွဲမဖြစ်နိုင်လို့ လက်မခံနိုင်​ကြောင်း​​ပြောကြားထားကြပါတယ် ။

“ ဒီရွေးကောက်ပွဲတွေက အတုအယောင်ဖြစ်ပါတယ်ဆိုတာ ကျွန်တော်ပြောနိုင်သမျှ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ ဒီရွေးကောက်ပွဲတွေက အလိမ်အညာတွေပါ။ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေ ဖမ်းဆီးခံထားရ၊ ထိန်းသိမ်းခံထားရ၊ အကျဥ်းချခံထားရ၊ညှင်းပန်းနှိပ်စက်ခံရချိန်မှာ ဘယ်လိုမှ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ခင်ဗျားရရှိမှာမဟုတ်ပါဘူး။”

လို့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူတွမ်အန်ဒရူးစ်က​ပြောကြားထားပါတယ် ။

စစ်တပ်စိတ်တိုင်းကျလုပ်မယ့်​ရွေး​ကောက်ပွဲမှာ မဲဆွယ်စည်းရုံး​ရေး မြင်ကွင်းတွေအရဆိုရင် ​ငွေပိုသုံးနိုင်တဲ့ပြည်ခိုင်ဖြိုးပါတီရဲ့မဲဆွယ်ပွဲတွေမှာသာ ပါတီဝင်နဲ့ ပါတီထောက်ခံသူဆိုတဲ့ ပရိသတ်အင်အားအစုအဝေးတွေကိုမြင်ရမှာပါ။ဒါ​တောင်ပွဲလာရင် ​ကျပ်၂၀,၀၀၀​ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးတဲ့အတွက် နိုဝင်ဘာ ၁၇ ရက်ကလုပ်တဲ့ကြံ့ဖွံ့ရဲ့ သုဝဏ္ဏကွင်းကမဲဆွဲပွဲကိုသွားခဲ့သူ​တွေ​ငွေအပြည့်မရလို့လိမ်​ခေါ်တာကိုမ​ကျေနပ်ကြ​ကြောင်း​ပြောကြပါတယ်။

ကျန်တဲ့ နိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေမှာတော့ ဒီလိုမြင်ကွင်းမျိုးတွေ့ရဖို့တောင် အခွင့်အလမ်း နည်းပါးနေပါတယ်။ပြည်သူ​အများစု ဥပက္ခာပြုထားကြတာ​ကြောင့် ရန်ကုန်မှာ​ရောနယ်မြို့​တွေမှာ​ရော မယ်ဆွဲပွဲ​တွေဟာ​ လူနည်းနည်းနဲ့ခြောက်တိ​ခြောက်ကပ်ဖြစ်​နေပါတယ်။

“ပြည်သူ့ပါတီကိုမဲပေးစို့”ဆိုပြီးအဲ့ဒီပါတီရဲ့ ဥက္ကဌ ဦးကိုကိုကြီးက လက်သီး လက်မောင်းတန်းပြီး တက် တက်ကြွကြွကြွေးကြော်အော်ဟစ်ပြခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ သူနဲ့အတူကြွေးကြော်နေသူတွေကပါတီဝတ်စုံကိုယ်စီနဲ့ဆယ်ဂဏန်းလောက်ပဲရှိတဲ့ လူတစ်စုပါ။

ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ ရန်ကုန်မြို့ လမ်းဘေးပလက်ဖောင်းတွေပေါ် လူအနည်းအကျဉ်း နဲ့သာ ပြုလုပ်နိုင်တဲ့ အဲ့ဒီမဲဆွယ်စည်းရုံးပွဲတွေဟာ နိုင်ငံရေးပလက်ဖောင်းတွေပြန်ပေါ်လာဖို့ “အတိတ် ကောင်း၊နိမိတ်ကောင်း” လို့ ဆို​နေပါတယ်။

စစ်တပ်ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်တဲ့ပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကြား မဲဆွယ်စည်းရုံးမှုတွေမှာ မမျှတတဲ့အခြေ အနေတွေကြုံနေရတယ်လို့ ကိုယ်စားလှယ်လောင်းတစ်ချို့ကပြောကြပါတယ်။

“အဓိကကတော့ အောက်ခြေတာဝန်ရှိသူတွေပေါ့၊သူတို့က ပါတီကြီးတွေရဲ့ခြိမ်းခြောက်မှုတွေဘာတွေကို ကြောက်နေသလားမသိဘူးဗျ၊ တွန့်ဆုတ်တွန့်ဆုတ်နဲ့၊ဟိုလိုမလုပ်နဲ့နော် ဒီလိုမလုပ်နဲ့နော်ဆိုပြီး ဖိအား ပေးတာမျိုးတွေကသိပ်မကောင်းဘူးပေါ့”လို့ရန်ကုန်မြို့ကနေပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတစ်ဦးကပြောပါတယ်။ လုံခြုံရေးကြောင့် သူ့ရဲ့ အမည်ကိုထုတ်ဖော်ခြင်းမပြုဖို့တော့ သူကမေတ္တာရပ်ခံပါတယ်။အဲ့ဒီလို မေတ္တာ ရပ်ခံရတဲ့အခြေအနေမျိုးကိုလည်း အာဏာသိမ်းစစ်တပ်ကပဲဖန်တီးထားတာပါ။

စစ်တပ်ကစိတ်တိုင်းကြ ပြဌာန်းခဲ့တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုသုံးပြီး စစ်အုပ်စုက သူတို့ပွဲဆန်ကျင်သူ ၊မ​ထောက်ခံသူ​တွေကို တင်းတင်းကျပ်ကျပ်ဖိနှိပ်အရေးယူမှုတွေ လုပ်နေပါတယ်။

ပြည်သူတွေရဲ့လုံခြုံရေးကိုဂရုမစိုက်ဘဲ မဲတော့ လိုချင်တယ်ဆိုပြီး ဝေဖန်ခဲ့သူကို အဲ့ဒီဥပဒေအရ ထောင် ခုနစ်နှစ်ချခဲ့သလို ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ လှုံ့ဆော်လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရတဲ့ ရန်ကုန်မြို့က လူငယ် သုံးဦးဟာလည်း နှစ်ငါးဆယ်ဝန်းကျင်အထိ ထောင်ဒဏ်တွေချမှတ်ခံရပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ အနုပညာလောကသားတွေကို သွယ်ဝိုက် ဝေဖန်ရေးသားခဲ့တယ်ဆိုပြီး အနုပညာရှင်အချို့ကိုလည်း ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ပတ်သက်လို့ စစ်အုပ်စုရဲ့ အကဲဆတ်မှုကို သိသာစေတာကတော့ အုတ်တွင်းမြို့နယ်က ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းနဲ့ ဆိုင်ကယ်ချင်းတိုက်မိမလိုဖြစ်ရာက စကားများ ရန် ဖြစ်ထိုးကြိတ်ခဲ့သူကိုပါ အဲ့ဒီဥပဒေနဲ့ဖမ်းဆီးခဲ့တာပါ။အခုဆိုရင် အဲဒီဥပ​ဒေနဲ့ ဖမ်းဆီး​ထောင်ချခံရသူ​ပေါင်း ရာနဲ့ချီရှိ​နေပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့်စစ်အုပ်စုရွေးကောက်ပွဲကို နိုင်ငံရေးအရ ယုံကြည်တယ်ဆိုပြီး ဝင်ပြိုင်ကြမဲ့ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေကိုယ်တိုင်စစ်အုပ်စု၊အာဏာသိမ်းမှု၊ရွေးကောက်ပွဲကော်မရှင်နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးဆိုတာတွေအပေါ် ထိထိရောက်ရောက်ဝေဖန်ထောက်ပြသံတွေကြားရလေ့မရှိပါဘူး။

ဒါ့အပြင် ကိုယ်စားလှယ်လောင်းတစ်ချို့ကိုလည်း စစ်ကောင်စီရဲ့ လော်ဘီအုပ်စုတစ်ချို့က အတိမ်း အစောင်းမခံတဲ့အထိ စောင့်ကြည့်ဝေဖန်တာမျိုးတွေရှိနေသေးတာကြောင့် လူထုကြားစည်းရုံး‌ရေးဆင်းဖို့ အခက်အတွေ့နေရတယ်လို့ ထုတ်ဖော်ပြောဆိုသူတစ်ချို့လည်းရှိလာပါတယ်။

လူသိရှင်ကြား အဲ့ဒီလိုထုတ်ပြောလာသူက ပြည်သူ့ပါတီရဲ့သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ပါ။သူဟာမျိုးဆက်သုံးဆက်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်တယ်၊သားဖြစ်သူက ၂၀၂၁နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သူဖြစ်တယ်ဆိုပြီး မဲဆွယ်စည်းရုံးချိန်မှာ မိတ်ဆက်ခဲ့တာကြောင့် နှောင့်ယှက်တိုက်ခိုက်မှု တချို့နဲ့ ကြုံလာရတယ်လို့ ဦးလွင်မြင့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်ပြောပါတယ်။

အကြမ်းဖက်လှုပ်ရှားမှုအားပေးသူအဖြစ် စွပ်စွဲခံရပြီးနောက်သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်သူ့ပါတီရဲ့ စည်းရုံးရေးဆိုင်းဘုတ်တွေဖျက်ဆီးခံခဲ့ရသလို သူ့ရဲ့ မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ကားတစ်စီးနဲ့ နှောင့်ယှက်တိုက်ခိုက်ဆဲဆိုတာမျိုးတွေကြုံခဲ့ရတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် လူထုကြားထဲ သွားရောက်ပြီး မဲဆွယ်စည်းရုံး‌မှုတွေလုပ်ဖို့ လုံခြုံရေးစိုးရိမ်နေရ တယ်လို့ ဦးလွင်မြင့်ကပြောပါတယ်။ဦးလွင်မြင့်လိုပဲ အခုရွေးကောက်ပွဲမဲဆွယ်ကာလမှာ စိတ် အနှောင့် အယှက်ဖြစ်ရတဲ့ အခြေအနေတွေနဲ့ကြုံရတဲ့အကြောင်း နောက်ထပ် ကိုယ်စားလှယ် လောင်း တချို့က လည်းဖွင့်ဟကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းကယှဉ်ပြိုင်ခဲ့ဖူးပြီး အခုရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုက ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကတော့ မဲဆွယ်ချိန်မှာ လိုက်ပါလာတဲ့ လက်နက်ကိုင် လုံခြုံရေးတွေကြောင့် အခက်တွေ့ရတယ်လို့ ဆိုပါတယ်။

“ပြည်သူကြားထဲ စည်းရုံးရေးဆင်းပါတယ်ဆိုမှ ဒီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါနေတော့ လက်ကမ်း ကြော်ငြာလေးတွေဝေတာတောင်မယူရဲကြတော့ဘူး”လို့ အဲ့ဒီကိုယ်စားလှယ်လောင်းက သူကြုံခဲ့ရတဲ့ အခြေအနေကိုရင်ဖွင့်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မလိုက်ကြဖို့ သက်ဆိုင်ရာကို တင်ပြညှိနှိုင်းခဲ့ပေမဲ့လည်း လက်ရှိအခြေအနေ လိုအပ်ချက်တွေအရဆိုပြီး အကြောင်းပြတာကြောင့် သူ့ရည်ရွယ်ချက်မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

နိုင်ငံထဲက ဒေသအနှံ့အပြားမှာ တိုက်ပွဲ​တွေဖြစ်နေချိန်၊ တော်လှန်ရေးအင်အားစုတွေက လက်မခံဘူးလို့ ထုတ်ပြောထားတဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေလုံခြုံရေးအတွက်ဆိုပြီး စစ်အုပ်စုကမဲဆွယ်စည်းရုံးမှုတွေမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို လိုက်ပါစေခဲ့တာဖြစ်ပါတယ်။

စစ်တပ်လက်​အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဘက်ကကြည့်ရင်လည်း ဒီကိုယ်စားလှယ်လောင်းတွေရဲ့စည်းရုံးရေးတွေ နောက် လိုက်ပါရင်း တိုက်ခိုက်မှုတွေကြုံလာရင် သူတို့ကိုဦးတည်လာနိုင်တာကြောင့် လုံခြုံရေးမလိုက်လိုကြတာတွေလည်းရှိနေပါတယ်။

စစ်ကောင်စီကတော့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုသာမက အုပ်ချုပ်ရေးတာဝန်ရှိသူတွေကိုလည်း ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့အခါ လုံခြုံရေးဆောင်ရွက်ပေးကြဖို့ ညွှန်ကြားထားတာတွေရှိ တယ်လို့ စစ်တပ်လက်​အောက်ခံအုပ်ချုပ်ရေးဝန်ထမ်းတစ်ချို့ဆီကသိရပါတယ်။

“မလုပ်ပေးနိုင်ဘူးပဲပြောလိုက်တယ်၊အစ်ကိုတို့နဲ့လည်းမဆိုင်ဘူးလေ၊ဒီလုံခြုံရေးက၊ပြီးရင် သူတို့ (ကိုယ်စားလှယ်လောင်းများ)နိုင်ရင်သူတို့က အမတ်ဖြစ်သွားမှာ၊အခုနေ တစ်ခုခုဖြစ်ရင် ကိုယ်တွေက ခံရမှာ”လို့ အင်းစိန်မြို့နယ်အတွင်းက ရပ်ကွက် အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။သူကစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရာအိမ်မှူးဖြစ်လာခဲ့သူတစ်ဦးပါ။

အခြားသော နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက အဲ့ဒီလို အခက်အခဲ အကြပ် အတည်း တွေနဲ့ ရင်ဆိုင်နေရပေမဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရေး ပွဲတွေကတော့ စစ်တပ်အကူအညီနဲ့ ပရိသတ်အင်အားပိုများတာတွေ့ရပါတယ်။

မဲဆွယ်ကာလနီးကပ်လာချိန်မှာမှ ရွေးကောက်ပွဲကော်မရှင်ကပြင်ဆင်သတ်မှတ်ပေးလိုက်တဲ့ မဲဆွယ် စားရိတ်တိုးမြှင့်မှုဟာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ငွေကြေးတတ်နိုင်တဲ့ပါတီတွေအတွက်တော့ အားသား ချက်တစ်ရပ်ဖြစ်တယ်လို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးကထောက်ပြပါတယ်။

လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် လူထုကြားစည်းရုံးရေးလုပ်ရာမှာ အခက်တွေ့ရသူ၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် လူထုကြားစည်းရုံးရေးမဆင်းနိုင်သူစသဖြင့် ရှိနေကြချိန်မှာ စစ်တပ်လောင်းရိပ်အောက်က ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးပွဲတွေကိုတော့ အုပ်ချုပ်ရေးဝန်ထမ်း တွေကပါလူစုပေးတာမျိုးတွေရှိနေပါတယ်။

မကြာသေးခင်ကအထိ အာဏာသိမ်းစစ်တပ်ထဲမှာ ထိပ်ပိုင်းတာဝန်ရှိသူ​တွေဖြစ်ခဲ့ပြီး ရွေးကောက်ပွဲနီးမှ ယူနီဖောင်း ချွတ်လာတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သူတို့ရဲ့ကိုယ်ပိုင် လုံခြုံ ရေး အစီအမံတွေ၊ငွေကြေး အင်အားတွေသုံးပြီး သူတို့ရဲ့ မဲဆွယ်စည်းရုံးပွဲတွေကို လုံလုံခြုံခြုံ စည်စည် ကားကား ဖြစ်အောင် ဖန်တီးထားနိုင်ကြပါတယ်။

“အိမ်နားကဈေးထဲမှာ ဒေါ်သက်သက်ခိုင်တို့ပါတီကမဲလာဆွယ်တယ်၊သူတို့ပါတီ အင်္ကျီတွေ၊ဦးထုပ် တွေ ဝေတယ်။ ကြာဇံကြော်လည်းကြွေးတယ်၊ဒါပေမဲ့ ဝေလိုက်တဲ့ ပါတီအင်္ကျီကိုဝတ်မှ ကြာဇံကြော် ကျွေး တယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးကသူကြုံခဲ့ရတဲ့ ပါတီစည်းရုံးရေးမြင်ကွင်းတစ်ခုကို ပြောပြပါတယ်။

ကျန်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲမဲဆွယ်ရာမှာ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်အောင်မလုပ်ရဆိုတဲ့အချက်အပါအဝင်၊စစ်အုပ်စုရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့် အရေးယူမှု တွေကိုလည်း သတိပြုနေကြရတယ်လို့ဆိုပါတယ်။

တဖက်မှာတော့ ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးပေးနေတဲ့ သရုပ်ဆောင်နေအောင်လို ပုဂ္ဂိုလ် မျိုးက “တိုင်းပြည်မတည်ငြိမ်အောင်လုပ်သူ အကုန်သတ်”လို့ ပြောဆိုတဲ့အပေါ် စစ်တပ်ခန့်ရွေးကောက်ပွဲ ကော်မရှင်ဘက်က သတိပေးအရေးယူမှုတစ်စုံတစ်ရာပြုလုပ်တာမရှိပါဘူး။

နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာဖို့အတွက် ရွေးကောက်ပွဲမဖြစ်မနေလိုအပ်တယ်လို့ စစ်အုပ်စုရဲ့ ရွေး ကောက်ပွဲကိုထောက်ခံသူတွေကပြောကြပေမဲ့ အခုလို မမျှမတ အခြေအနေတွေကို ထောက်ပြ ဝေဖန် ခွင့်တောင်မရတာဟာ ရွေးကောက်ပွဲရဲ့လားရာကို မြင်သာစေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ငါးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရွေးကောက်ပွဲလို့ နာမည်ခံထားပေမဲ့ လူသေကို ကြိုးတုပ်ရိုက်သလို နိုင်ပြီးသားကြီးလေ။ဒါတောင် သူတို့(စစ်အုပ်စု)က တစ်ယောက်တည်းပြိုင်ပြီး မနိုင်မှာ ကြောက်နေကြသေးတယ်” လို့ သူကဝေဖန် ပါတယ်။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

အညစ်ပတ်ဆုံးရွေးကောက်ပွဲများလို့ခေါင်းစဉ်တပ်လိုက်တဲ့အခါ အတော်ခေါင်းစားရပါတယ်။ရေးစရာ မရှိလို့မဟုတ်ပါ။ရေးစရာများနေလို့ဖြစ်ပါတယ်။

သတင်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

မေးမြန်းခန်း

— ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ)

သတင်း

က​လေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာရသူ ၂ ဦးအ​ခြေအ​နေစိုးရိမ်​နေရ