NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ဦးဆောင်မှုကို ဥရောပ နိုင်ငံတွေက ၂၀၂၇ ခုနှစ်ကျရင် လက်လွှဲယူစေလိုကြောင်း အမေရိကန်က ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အရာရှိ တချို့က ၂၀၂၇ ကျရင် ဥရောပဟာ NATOရဲ့ သမားရိုးကျ စစ်ရေးကဏ္ဍ အများစုကို ဦးဆောင် တာဝန်ယူတဲ့ အခြေအနေမျိုး ရောက်နေဖို့ အမေရိကန်က လိုလားကြောင်း ပြောကြားခဲ့ပါတယ်။
သမားရိုးကျ စစ်ရေးကဏ္ဍတွေ ဆိုတာက စစ်ထောက်လှမ်းရေး၊ တပ်ဖွဲ့ဝင်တွေနဲ့ ဒုံးကျည်တွေ ဖြန့်ကျက်မှုစတဲ့ အပိုင်းတွေကို ဆိုလိုပါတယ်။ ပင်တဂွန်ရဲ့ ထိပ်တန်းစစ်ဘက် အရာရှိတွေဟာ အဲဒီ သဘောထားကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဥရောပ မဟာမိတ် နိုင်ငံတွေရဲ့ သံတမန် အရာရှိတွေဆီ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်က အဓိက တာဝန်ယူထားရတာဟာ မမျှတဘူးလို့ ဝေဖန်ပြီး NATOမှာ အမေရိကန်ရဲ့ ဦးဆောင်မှုကို လျှော့ချဖို့ ကြိုးစားခဲ့ပါတယ်။ အခုတော့ ဥရောပက ဦးဆောင်တဲ့ NATOအနေနဲ့ ရပ်တည်စေချင်တဲ့ အမေရိကန်ရဲ့ သဘောထားအတွက် အကောင်အထည်ဖော်ဖို့ အချိန်ကာလပါ သတ်မှတ်ပေးလိုက်တဲ့ သဘောပါပဲ။

Public Service Announcement
ဥရောပ သံအရာရှိတွေနဲ့ ဆွေးနွေးမှုဟာ အမေရိကန်က NATOကို အဓိက ဦးဆောင်နေတဲ့ နေရာကနေ NATOရဲ့ အဓိက မိတ်ဖက်အဖြစ် ပြောင်းလဲ ရပ်တည်ရေးကို အဓိက ဦးတည်ထားတာလို့ ဆိုပါတယ်။ ပင်တဂွန်ရဲ့ အရာရှိတွေကတော့ အမေရိကန်ရဲ့ အဲဒီ တောင်းဆိုမှုကို NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေက ဖြည့်ဆည်းဖို့ လက်ရှိ လုပ်ဆောင်နေမှုတွေအပေါ် မကျေနပ်နိုင်သေးဘူးလို့ အသိပေးထားပါတယ်။
တကယ်လို့ ၂၀၂၇ ခုနှစ်မှာ ဥရောပက NATOရဲ့ စစ်ဆင်ရေး ကဏ္ဍကို လက်တွေ့ ဦးဆောင်တဲ့ အနေအထားထိ ရောက်မလာသေးဘူးဆိုရင် အမေရိကန်ဟာ NATOရဲ့ ကာကွယ်ရေးဆိုင်ရာ အားထုတ်မှု တချို့မှာ ပါဝင်ပတ်သက်မှု လျှော့ချမယ်လို့လည်း ပင်တဂွန်ဖက်က ဥရောပ သံအရာရှိတွေကို သတိပေးခဲ့ပါတယ်။
ယူကရိန်း စစ်ပွဲနောက်ပိုင်း ရုရှားရဲ့ ခြိမ်းခြောက်မှု ပိုမိုကြီးထွားလာနေတဲ့ အခြေအနေမှာ NATO မဟာမိတ် နိုင်ငံတွေအပေါ် လုံခြုံရေး အာမခံချက် ပေးမှုကို လျှော့ချချင်တဲ့ ထရမ့်ရဲ့ သဘောထားက ဥရောပအတွက် ခေါင်းခဲစရာလည်း ဖြစ်လာပါတယ်။
၂၀၂၇ အရောက်မှာ NATOရဲ့ စစ်ရေး အစီအမံတွေကို ဥရောပက ဦးဆောင်တဲ့အဆင့် ရောက်မရောက် ဆိုတာကို ထရမ့်က ဘယ်လို စံနှုန်းတွေနဲ့ တိုင်းတာမလဲ ဆိုတာကိုလည်း ဥရောပ မဟာမိတ် နိုင်ငံတွေက ရှင်းရှင်းလင်းလင်း သဘောမပေါက်ကြဘူးလို့ ဆိုပါတယ်။
NATO အရာရှိ တစ်ယောက်ကတော့ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သမားရိုးကျ ကာကွယ်ရေး အစီအမံတွေ အားလုံးမှာ အမေရိကန်က အဓိက ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို ဥရောပဖက်ဆီ လွှဲပြောင်းပေးဖို့ ဆိုတာကို သဘောတူ လက်ခံထားပြီး ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ထရမ့်ဟာ ဥရောပ မဟာမိတ် နိုင်ငံတွေ အနေနဲ့ အမေရိကန်အပေါ် အလွန်အကျွံ မမှီခိုဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် စစ်အသုံးစရိတ်တွေ မြှင့်တင်ဖို့ အပူတပြင်း ဖိအားပေး တောင်းဆိုထားပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ NATO ညီလာခံ တစ်ခုမှာတော့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒေါက ဥရောပ မဟာမိတ်တွေ အနေနဲ့ ဥရောပ လုံခြုံရေးအတွက် ပိုမိုတာဝန်ယူပြီး ကာကွယ်ရေး အသုံးစရိတ်တွေ မြှင့်တင်သင့်နေပြီဆိုတာ အရမ်းသိသာနေကြောင်း ဝေဖန် ပြောကြားသွားပါတယ်။
ကိုးကား: Reuters















































