အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစ္စရေး သမ္မတဆီကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အသနားခံ လျှောက်ထားလိုက်ပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာ နေတန်ညာဟုက သမ္မတ အိုင်ဆက် ဟားဇော့ဆီက တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထား တောင်းခံလိုက်တာ ဖြစ်ပါတယ်။ နေတန်ညာဟုက သူ့အပေါ် အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ စွပ်စွဲထားပြီး ၅ နှစ်ကြာမြင့်လာတဲ့ တရားရေး ကိစ္စတွေကနေ လွတ်ငြိမ်းခွင့်ပေးဖို့ သမ္မတကို စာမျက်နှာ ၁၁၁ မျက်နှာပါ အဆိုပြုချက်နဲ့ မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တရားရေး အရှုပ်အထွေးဟာ နိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း နစ်နာထိခိုက်စေတယ်လို့ နေတန်ညာဟုက ဆိုပါတယ်။ နေတန်ညာဟုရဲ့ ရှေ့နေတွေကတော့ ဝန်ကြီးချုပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမှုဟာ တရားရေး ဝန်ကြီးဌာနဆီမှာ ခွင့်ပြုချက် ရထားပြီးတဲ့နောက် သမ္မတဆီ ထပ်ဆင့် တင်ပြထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဟားဇော့ရဲ့ သမ္မတရုံးကတော့ ပုံမှန် အခြေအနေထက် အများကြီး ထူးကဲပြီး သဘောတရားအရ ရှုပ်ထွေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမှု တစ်ခုကို လက်ခံရရှိထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဘက်ပေါင်းစုံက အမြင်တွေကို သေချာ ဆန်းစစ်လေ့လာပြီးရင် သမ္မတ အနေနဲ့ အဲဒီ လျှောက်ထားတောင်းဆိုမှုကို လက်ခံပေးဖို့ သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
အစ္စရေးမှာ သမ္မတ ရာထူးဟာ ဝန်ကြီးချုပ် နေရာလိုမျိုး နိုင်ငံရေးအာဏာ မရှိပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်လို ကိစ္စမျိုးတွေကိုတော့ စီရင်ဆုံးဖြတ်ပေးရပါတယ်။
နေတန်ညာဟုရဲ့ ရှေ့နေဟောင်း တစ်ဦးဖြစ်တဲ့ မီကာဖတ်မန်းကတော့ စွပ်စွဲခံရသူက အပြစ်ရှိကြောင်း ဝန်မခံသေးသ၍ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ ခက်ခဲလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ နေတန်ညာဟုဟာ သူ့အပေါ် အဂတိ လိုက်စားကြောင်း စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုထားဆဲပါ။
အစ္စရေးနိုင်ငံ သမိုင်းမှာတော့ စွပ်စွဲခံရသူက အပြစ်ရှိကြောင်း ဝန်မခံသေးခင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ ဖြစ်စဉ်ဟာ တစ်ကြိမ်တည်းသာ ရှိခဲ့ဖူးပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက ရှင်းဘတ် ထောက်လှမ်းရေး အေဂျင်စီနဲ့ ဆက်စပ်တဲ့ အဂတိကိစ္စ စွပ်စွဲမှု တစ်ခုမှာ အပြစ်ရှိမရှိ မဆုံးဖြတ်ခင် ကတည်းက သမ္မတ အမိန့်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ် တချို့တုန်းက အစ္စရေးရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဟားဇော့ဆီ စာရေးသား ပေးပို့ပြီး နေတန်ညာဟုအပေါ် စွပ်စွဲချက် အားလုံးကနေ ပယ်ဖျက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ နေတန်ညာဟုဟာ လာဘ်ပေးလာဘ်ယူမှု၊ အဂတိမှု၊ ယုံကြည်အပ်နှံခြင်းကို အလွဲသုံးစားပြုမှုတွေအတွက် ၂၀၂၀ ပြည့်နှစ် ကတည်းက တရားစွဲဆို ခံခဲ့ရတာပါ။ အတိုက်အခံ အင်အားစုတွေက နေတန်ညာဟုဟာ ချမ်းသာကြွယ်ဝတဲ့ ကျောထောက်နောက်ခံ အရင်းအမြစ်တွေအတွက် နိုင်ငံရေး မျက်နှာသာပေးတာတွေ ရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ယဲရ်လာပစ်ဒ်ကတော့ သမ္မတ အနေနဲ့ နေတန်ညာဟုအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံပေးမယ် ဆိုရင်တောင်မှ နေတန်ညာဟုကို အပြစ်ရှိကြောင်း အရင်ဆုံး ဝန်ခံခိုင်းဖို့ စာရေးသားပေးပို့ တောင်းဆိုထားပါတယ်။
နေတန်ညာဟုဟာ လွတ်ငြိမ်းချမ်းသာမှုကို လိုချင်ရင် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံဖို့၊ အပြစ်ကို ဝန်ခံဖို့၊ နိုင်ငံရေးကနေ ထွက်ခွာဖို့ လိုအပ်ကြောင်း၊ ဒါမှသာ အငြင်းပွားစရာ အခုအခြေအနေနဲ့ ပတ်သက်ပြီး လူထုကြားမှာ စည်းစည်းလုံးလုံး သဘောတူ လက်ခံနိုင်ကြမှာဖြစ်ကြောင်း စာထဲမှာ လာပစ်ဒ်က ထောက်ပြထားခဲ့ပါတယ်။
ကိုးကား: Guardian
















































