close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာမှာ ရေကြီး မြေပြိုမှုတွေကြောင့် အသေအပျောက် ၅၀၀ ကျော်ထိရှိလာ

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း ၅၀၀ ကျော်ထိ မြင့်တက်လာတဲ့နောက် သီရိလင်္ကာမှာ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရပါတယ်။

ဓာတ်ပုံ - Getty Images

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း ၅၀၀ ကျော်ထိ မြင့်တက်လာတဲ့နောက် သီရိလင်္ကာမှာ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရပါတယ်။

အာရှတောင်ပိုင်းက ကျွန်းနိုင်ငံငယ်ဟာ သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေကြောင့် နောက်ဆက်တွဲ ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်းတော်တော်များများအတွင်း သီရိလင်္ကာမှာ ကြုံဖူးသမျှ အဆိုးဆုံး သဘာဝ ကပ်ဘေးအနေနဲ့လည်း စာရင်းဝင်လာခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ညပိုင်းထိ အခြေအနေအရ နိုင်ငံအနှံ့ ရေကြီး၊ မြေပြိုမှုတွေအတွင်း လူပေါင်း ၃၃၀ ကျော် သေဆုံးပြီး နောက်ထပ် ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ အိမ်ပေါင်း ၂၀၀၀၀ လောက် ပျက်စီးကုန်ပြီး လူပေါင်း ၁ သိန်းကျော် ယာယီရွှေ့ပြောင်းနေရပါတယ်။

ဒါ့အပြင် သီရိလင်္ကာ ကမ်းလွန် ပင်လယ်ကနေ ဖြတ်သန်းပြီး အိန္ဒိယဖက် ဝင်ရောက် တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဒစ်တ်ဝါရဲ့ အရှိန်ကြောင့်လည်း ရာသီဥတု အခြေအနေတွေက ပိုပြီး ပြင်းထန် ဆိုးရွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃၀ မှာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာတဲ့အခါ သမ္မတ အနူရာ ကာမာရာ ဒစ်ဆန်နာယာကီက သီရိလင်္ကာဟာ သမိုင်းတလျှောက် အဆိုးဆုံး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှု တစ်ခုကို ကြုံတွေ့နေရကြောင်း ပြောကြားသွားပါတယ်။

နိုင်ငံရဲ့ အဓိကကျတဲ့ မြစ်တစ်စင်းဖြစ်တဲ့ ကီလာနီမှာ ဆက်တိုက် ရေတက်နေတာကြောင့်လည်း နောက်ထပ် အရေးပေါ် ရွှေ့ပြောင်းမှုတွေကို အပူတပြင်း လုပ်ဆောင်နေရပါတယ်။ သီရိလင်္ကာ အလယ်ပိုင်းမှာတော့ အိမ်ပေါင်း ၁၅ လုံးလောက်ဟာ ရုတ်တရက် မြေပြိုကျမှုကြောင့် ရွှံ့ချပ်တွေအောက် နစ်မြုပ်သွားပါတယ်။ အဲဒီဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူ မရှိခဲ့ပါဘူး။

သီရိလင်္ကာ အစိုးရဟာ ရေဘေးသင့် ပြည်သူတွေကို ကူညီဖို့အတွက် နိုင်ငံတကာ အထောက်အပံ့တွေကိုလည်း တောင်းခံထားပါတယ်။ ပြီးတော့ ပြည်ပရောက် နိုင်ငံသားတွေ အနေနဲ့လည်း ကူညီလှူဒါန်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။

နှစ်စဉ် မုတ်သုံမိုးရာသီ တဝိုက်မှာ သီရိလင်္ကာဟာ ရေကြီးမှုတွေ ကြုံရတတ်ပေမယ့် လက်ရှိ ရင်ဆိုင်နေရတဲ့ ရာသီဥတု အခြေအနေကတော့ ထူးထူးကဲကဲကြီးကို ကြမ်းတမ်း ပြင်းထန်နေတာလို့ ဆိုပါတယ်။

သီရိလင်္ကာမှာ အရင်က ကြုံဖူးတဲ့ အဆိုးဆုံး ရေကြီးမှုဟာ ၂၀၀၃ ခုနှစ် ဇွန်လတုန်းကဖြစ်ပြီး လူ၂၅၄ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာလည်း အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ရေကြီးမှုတွေကြောင့် ရက်ပိုင်းအတွင်း လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၃၀၀ ကျော်ထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ်ထဲမှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့ မိုးတွေကြောင့် သီရိလင်္ကာ နိုင်ငံမှာ လူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လေယာဉ်တင် သင်္ဘော စေလွှတ်ပေးဖို့ ထိုင်းရေတပ်က စီစဉ်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းဒေသတချို့ဟာနှစ်​ပေါင်းများစွာအတွင်း အဆိုးရွားဆုံး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေဘေးသင့်နေပြီး နိုဝင်ဘာ ၂၅ ရက်နေ့ထိ အခြေအနေအရ သေဆုံးစာရင်း ၁၃ ဦးလောက်ရှိလာခဲ့ပါတယ်။

Facebook