ကာကွယ်ရေး ဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနအဖြစ် နာမည်ပြောင်းလိုက်ခြင်းဟာ အောင်ပွဲရဲ့ သတင်းစကား တစ်ခုလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်သွားခဲ့ပါတယ်။
အဲဒီသတင်းစကားဟာ တစ်နိုင်ငံလုံးဆီ ပျံ့နှံ့ရောက်ရှိသွားလိမ့်မယ်လို့ စက်တင်ဘာ ၅ ရက်နေ့တုန်းက ဝန်ကြီးဌာန နာမည်ပြောင်းလဲဖို့ အထူးအမိန့်ကို လက်မှတ်ရေးထိုးပြီးချိန်မှာ ထရမ့်က ပြောကြားခဲ့ပါတယ်။
စစ်ဝန်ကြီးဌာနဆိုတဲ့ နာမည်ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အမေရိကန် အစိုးရဟာ အဲဒီနာမည်ဟောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ဝန်းကျင်လောက်အထိ သုံးစွဲခဲ့ဖူးပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ကာကွယ်ရေး ဝန်ကြီးဌာနလို့ ပြောင်းလဲ မှည့်ခေါ်စေခဲ့တာပါ။ အဲဒါကလည်း နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်လာတဲ့ခေတ်မှာ အမေရိကန်ရဲ့ ရပ်တည်ချက်ဟာ စစ်လိုလားတာ မဟုတ်ဘဲ စစ်ပွဲတွေကို ဟန့်တားဖို့သာ ဖြစ်တယ်ဆိုတာ ထင်ဟပ်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။
စက်တင်ဘာ ၅ ရက်နေ့မှာတော့ ထရမ့်ဟာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ အိမ်ဖြူတော်မှာ ဝန်ကြီးဌာန နာမည်ပြောင်းလဲမှု အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အမေရိကန်မှာ ဝန်ကြီးဌာနတွေကို နာမည်ပြောင်းတာက ရှားပါးတဲ့ ဖြစ်စဉ်လို့ ဆိုနိုင်ပြီး လွှတ်တော် ခွင့်ပြုချက်လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီက လွှတ်တော် နှစ်ရပ်လုံးမှာ အင်အား အသာစီး ရထားတော့ အဲဒီအဆင့်ဟာ ပြဿနာ မရှိဘဲ ကျော်ဖြတ်နိုင်မယ့် သဘောပါ။

Public Service Announcement
တရားဝင် နာမည်ပြောင်းပြီးတဲ့ အချိန်ကျရင် ဟက်ဂ်ဆက်သ်ဟာ အမေရိကန်ရဲ့ စစ်ဝန်ကြီးအဖြစ် ပြောင်းလဲ ညွှန်းဆို ခံရမှာ ဖြစ်သလို ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း စစ်ဝန်ကြီး ဌာနချုပ် ဖြစ်လာမှာပါ။
ဟက်ဂ်ဆက်သ်က ဒီကိစ္စဟာ နာမည်ပြောင်းလဲရုံ သက်သက်မဟုတ်ဘဲ အမေရိကန် စစ်သည်တွေရဲ့ ဓလေ့စရိုက် ခံယူချက်တွေကိုပါ ပြောင်းလဲစေမယ့် အရွေ့တစ်ခုလို့ ထောက်ခံ ပြောကြားသွားပါတယ်။
မကြာသေးခင်က ထရမ့်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန် ပါဝင်တဲ့ စစ်ပွဲအများစုမှာ အောင်ပွဲခံရင်တောင် နောက်ဆက်တွဲ ဆိုးကျိုးတွေ များပြားခဲ့တာကို ဝေဖန်ခဲ့ပြီး အဲဒီကိစ္စမှာ ဝန်ကြီးဌာနက နိုင်ငံရေး စံနှုန်းတွေအရ ကိုက်ညီမှန်ကန်အောင် အရမ်းဦးစားပေးတာ၊ မပြတ်သားတာတွေ အများကြီး ရှိခဲ့တယ်လို့လည်း အပြစ်တင်သွားပါတယ်။
စစ်ဝန်ကြီးဌာနလို့ နာမည် မပြောင်းခင် ကတည်းက ထရမ့်ဟာ အမေရိကန် စစ်တပ်ကို ကမ္ဘာ့အရေးအခင်း တချို့မှာ ကိုယ်ထိလက်ရောက် အရေးယူ စွက်ဖက်တာမျိုးတွေ အမိန့်ပေးထားခဲ့ပြီးပါပြီ။ လောလောလတ်လတ်အဖြစ် ကာရေဘီယန် ပင်လယ်ထဲမှာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကိုယ်တိုင် ညွှန်ကြားနေတဲ့ မူးယစ်မှောင်ခို လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်တွေဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ဗင်နီဇွဲလား မူးယစ်မှောင်ခိုလှေ တစ်စီးကို ပစ်ခတ်နှစ်မြှုပ်ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လတုန်းက ထရမ့်ဟာ အစ္စရေး-အီရန် စစ်ရေးပဋိပက္ခမှာ အမေရိကန်လေတပ်က ပါဝင်တိုက်ခိုက်ပြီး အီရန် နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ယီမင် ကမ်းလွန်မှာ ဖြတ်သန်းသွားတဲ့ အမေရိကန် စစ်ဘက်၊ အရပ်ဖက် သင်္ဘောတွေကို ပစ်မှတ်ထားနေတဲ့ ဟိုသီသူပုန်တွေကို တားဆီးဖို့ ယီမင်မှာလည်း အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေ အကောင်အထည် ဖော်စေခဲ့ပြီးပါပြီ။ ပြည်တွင်းမှာ ဆိုရင်လည်း ထရမ့်ဟာ ဝါရှင်တန်ဒီစီနဲ့ လော့စ်အန်ဂျလိစ်လို မြို့တွေမှာ ငြိမ်ဝပ်ပိပြားရေးအတွက်လို့ အကြောင်းပြပြီး အရန်တပ်တွေ ဖြန့်ကျက်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။
ထရမ့်ရဲ့ ဘက်တော်သားတွေက သမ္မတကြီးဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်သူလို့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ လော်ဘီလုပ်နေပြီး ထရမ့်ကိုယ်တိုင်ကလည်း သူဟာ နိုင်ငံတကာ စစ်ရေး ပဋိပက္ခ ၇ ခုကို ရပ်တန့်စေခဲ့ပြီးပြီလို့ ကိုယ့်ကိုယ်ကိုယ် သိဒ္ဓိတင်နေရင်းနဲ့ပဲ ကာကွယ်ရေး ဝန်ကြီးဌာန နာမည်ကို စစ်ဝန်ကြီးဌာနဆိုတဲ့ နာမည်ပြောင်းခဲ့တာပါ။
ထရမ့်ဟာ နာမည်ပြောင်းခေါ်ရတာ ဝါသနာပါပုံရပြီး သူသမ္မတ ဖြစ်လာချိန် ကတည်းက အဖွဲ့အစည်းနဲ့ နေရာတချို့ရဲ့ တရားဝင် နာမည်သတ်မှတ်ချက်တွေကို ပြောင်းလဲစေခဲ့ပြီးပါပြီ။ အထင်ရှားဆုံး တစ်ခုကတော့ ရာစုနှစ်တွေနဲ့ချီ အသုံးပြုခဲ့တဲ့ မက္ကဆီကို ပင်လယ်ကွေ့ နာမည်ကို အမေရိက ပင်လယ်ကွေ့လို့ တစ်ဖက်သတ် ပြောင်းပစ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကိုးကား: AFP

















































