ယူကရိန်းမှာ လူပေါင်း ၃၀ ကျော် သေဆုံးစေခဲ့တဲ့ ရုရှားဒုံးကျည် တိုက်ခိုက်မှုကို အနောက်မဟာမိတ် နိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ခဲ့ကြပါတယ်။
ဧပြီ ၁၃ ရက်နေ့ မွန်းတည့်ခါနီး အချိန်လောက်မှာ ပဲ့ထိန်းဒုံးကျည် နှစ်စင်းဟာ ယူကရိန်းရဲ့ ဆူမီမြို့ မြို့တော်ခန်းမကို ထိမှန်ခဲ့ပြီး အနီးမှာရှိတဲ့ ပြည်နယ် တက္ကသိုလ်နဲ့ အစည်းအဝေး ခန်းမတစ်ခုကိုလည်း ပေါက်ကွဲ ပျက်စီးသွားစေခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ကလေး ၂ ယောက် အပါအဝင် ၃၄ ဦးထက်မနည်း သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် လမ်းမအနှံ့မှာ အလောင်းတွေ ပြန့်ကြဲနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပြေငြိမ်းမှု ရရှိစေဖို့ ကြားဝင် စေ့စပ်ပေးနေတဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက အခုတိုက်ခိုက်မှုဟာ ဆိုးရွား ကြမ်းကြုတ်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement
အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် သွားရောက် စစ်ဆေး ကြည့်ရှုခဲ့တဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထရမ့်အနေနဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ဘာဆုံးဖြတ်မှ မချသေးခင်၊ ဘာညှိနှိုင်းမှုကိုမှ အစမပြုသေးခင် ယူကရိန်းမှာ ပြည်သူတွေ၊ အရပ်သားတွေ၊ စစ်သူရဲကောင်းတွေ၊ ကလေးတွေ သေကြေနေတာ၊ ဘုရားကျောင်းတွေနဲ့ ဆေးရုံတွေ ပျက်စီးနေတာတွေကို ကျေးဇူးပြုပြီး အရင်ဆုံး လာကြည့်စေချင်တယ်လို့ CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရူဘီရိုကတော့ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဒီဖြစ်စဉ်မျိုးက သမ္မတ ထရမ့်ရဲ့ အစိုးရ အနေနဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ အချိန်တွေ၊ အားထုတ်မှုတွေ အများကြီး ဘာကြောင့် မြှုပ်နှံထားသလဲ ဆိုတာကို မြင်သာစေတဲ့ သတိပေးမှု ပုံရိပ်တစ်ခုလို့ မှတ်ချက်ပေးသွားပါတယ်။
နောက်ပြီး အခုတိုက်ခိုက်မှုဟာ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့ ကိစ္စတစ်ခု၊ ဆိုးရွားပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတစ်ခု ဖြစ်တယ်လို့လည်း ရူဘီရိုက ပြောသွားခဲ့ပါတယ်။
မကြာခင် ရာထူးသက်တမ်း ပြီးဆုံးတော့မယ့် ဂျာမန် အဓိပတိ အိုလက်ဖ်ရှော့ဇ်ကလည်း ရုရှားက ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပြီလို့ ယူဆဖို့ ထိုက်တန်ကြောင်း ယုံကြည်ချင်နေသူတွေအတွက် ရုရှားရဲ့ ရပ်တည်ချက်က ဘာဆိုတာကို ဒီတိုက်ခိုက်မှုက ပြသွားတာပဲဖြစ်ကြောင်း ဝေဖန်သွားပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ရုရှားဟာ လူ့အသက်တွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ သမ္မတ ထရမ့်ရဲ့ သံတမန်ရေး အားထုတ်မှုတွေ မှန်သမျှကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ အတိအလင်း ပြသလိုက်တာပဲဖြစ်ကြောင်း ဆိုပါတယ်။
ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါ လီယန်က ဒီတိုက်ခိုက်မှုကို ကြမ်းကြုတ် ရိုင်းစိုင်းလွန်းကြောင်း ပြောကြားခဲ့ပြီး ရုရှားဟာ ကျူးကျော်သူအဖြစ် ဆက်ရှိနေပြီး နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာဖြစ်ကြောင်း ရှုတ်ချသွားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာကလည်း ဆူမီမြို့က အရပ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ရုရှားရဲ့ အော့နှလုံးနာစရာ တိုက်ခိုက်မှုမျိုးကြောင့် တုန်လှုပ် နာကျင်မိတယ်လို့ ပြောသွားပါတယ်။ ဒီအတောအတွင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တိုက်ခိုက်မှု သတင်းကို ကြားသိရတဲ့နောက် အရမ်း တုန်လှုပ်ပြီး အံ့ဩမိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အရပ်သား ပြည်သူတွေ၊ အရပ်ဖက် အဆောက်အအုံတွေကို တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေမှာ တိတိကျကျ တားမြစ်ထားတဲ့ ကိစ္စဖြစ်ကြောင်း၊ ဘာအကြောင်းနဲ့ လုပ်ဆောင်တာဖြစ်ဖြစ် ဒီလို တိုက်ခိုက်မှုမျိုးကို ရပ်တန်းက ရပ်ရမှာဖြစ်ကြောင်း အဲဒီ အရာရှိက ပြောပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုဟာ မြို့ထဲမှာရှိတဲ့ စားသောက်ဆိုင် တစ်ခုမှာ ယူကရိန်းရဲ့ စစ်ဦးစီး အရာရှိ တချို့နဲ့ အနောက်နိုင်ငံတွေရဲ့ စစ်သင်တန်းပေးသူတွေ အစည်းအဝေး လုပ်နေတာကို ပစ်မှတ်ထားခဲ့တာလို့ ကြေညာပေမယ့် တိကျတဲ့ အထောက်အထားမျိုးတော့ ထုတ်ပြန်မသွားခဲ့ပါဘူး။ အမေရိကန်က စစ်ရပ်ဆိုင်းရေးကိစ္စ ညှိနှိုင်းမှုတွေ ခရီးရောက်နေပါတယ်လို့ တွင်တွင်ပြောနေပေမယ့် တိုက်ခိုက်မှု ဖြစ်ပွားရာ ဆူမီမြို့နဲ့ သိပ်မဝေးတဲ့ နယ်စပ်မှာ ရုရှားစစ်တပ်ဟာ ထိုးစစ်ကြီး တစ်ခုအတွက် အင်အားအလုံးအရင်း စုရုံးနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ကိုးကား: BBC
