close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထုတ်ပယ်ခံရပြီး တစ်ပတ်အကြာမှာ တောင်ကိုရီးယား သမ္မတ အိမ်တော်ကနေ သမ္မတဟောင်း ထွက်ခွာ

ရာထူးက ဖယ်ရှားခံရတဲ့ တောင်ကိုရီးယား သမ္မတ(ဟောင်း) ယွန်ဆွတ်ယောဟာ ဧပြီ ၁၁ ရက်နေ့မှာ သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

AP

ရာထူးက ဖယ်ရှားခံရတဲ့ တောင်ကိုရီးယား သမ္မတ(ဟောင်း) ယွန်ဆွတ်ယောဟာ ဧပြီ ၁၁ ရက်နေ့မှာ သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သမ္မတ အိမ်တော်ကနေ သူ့ရဲ့ ကိုယ်ပိုင်တိုက်ခန်းဆီ မော်တော်ယာဉ်တန်းနဲ့ ထွက်ခွာသွားတဲ့ အချိန် လမ်းဘေး တစ်ဖက်တစ်ချက်မှာ သူ့ကို ထောက်ခံသူတွေ စုဝေးပြီး နှုတ်ဆက်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

နောက်ပြီး ယွန်ဟာ လူအုပ်ထဲက တချို့ကို သွားရောက် ပွေ့ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာတွေ လုပ်ခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေက ‘ယွန်အတွက် နောက်တစ်ကြိမ်’ဆိုတဲ့ စာသားပါ ဘုတ်ပြားတွေကို ထောင်ပြီး ကောင်းချီးပေး နှုတ်ဆက်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ယွန်ဟာ လုံခြုံရေးအတွက် ရဲအင်အား ၂၈၀ လောက် အသုံးပြုထားတဲ့ ယာဉ်တန်းနဲ့အတူ သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယွန်ဟာ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက နိုင်ငံမှာ စစ်အုပ်ချုပ်ရေး အရေးပေါ်အမိန့် ထုတ်ပြန်ခဲ့တာနဲ့ ဆက်စပ်ပြီး ရာထူးကနေ ဖယ်ရှားခံရတဲ့ထိ နောက်ဆက်တွဲ ပြဿနာတွေ ကြုံခဲ့တာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ ခုံရုံးက ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုဟာ လုပ်ပိုင်ခွင့်တွေကို အဆင့်ကျော်ခဲ့ပြီး တရားမဝင်ဘူးလို့ သတ်မှတ်ခဲ့သလို လွှတ်တော်က ယွန်အပေါ် စွပ်စွဲ ပြစ်တင်ထားမှုကို အသိအမှတ် ပြုခဲ့ပါတယ်။ မူလက သမ္မတ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ယွန်ဟာ ခုံရုံး ဆုံးဖြတ်ချက် အပြီးမှာတော့ တရားဝင် ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။

ခုံရုံး ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ချမှတ်ခဲ့ပေမယ့် ယွန်ဟာ သမ္မတ အိမ်တော်ကနေ နောက်ထပ် တစ်ပတ်ကြာမှ ထွက်ခွာသွားတာပါ။ တောင်ကိုရီးယားဟာ သမ္မတသစ် တစ်ဦးကို ရွေးကောက် တင်မြှောက်ဖို့အတွက် ဇွန်လ ၃ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ယွန်နဲ့ ဇနီးဖြစ်သူဟာ ဆိုးလ်ရဲ့ ဆိုချိုခရိုင်မှာရှိတဲ့ ၃၇ ထပ် တိုက်ကြီးတစ်လုံးဆီက ကိုယ်ပိုင်တိုက်ခန်းဆီ ပြန်လည် ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။ ယွန်ရဲ့ မဟာမိတ် တချို့က နေအိမ်မှာ ပန်းစည်းတွေနဲ့အတူ ကြိုစောင့်နေခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီ တိုက်ရဲ့ ဝင်ပေါက်မှာလည်း နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ သမ္မတနဲ့ သမ္မတကတော်ကို ကြိုဆိုကြောင်း ရေးသားထားတာ တွေ့ရပါတယ်။

ယွန်အနေနဲ့ သမ္မတအိမ်တော်မှာ သူမွေးမြူထားခဲ့တဲ့ အိမ်မွေး တိရစ္ဆာန်တွေကို ဘယ်လို စီမံပေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ယွန်မှာ ကြောင်နဲ့ခွေး စုစုပေါင်း ၁၁ ကောင် ရှိနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ