ဧပြီ ၁၄၊ ၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ မကွေးမြို့နှင့် (၁၂)မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ အမှတ်(၂၅)လုံခြုံရေးရဲတပ်ရင်း တိုက်ခိုက်ခံရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(ဧပြီ ၁၃ရက်) ညနေ ၆နာရီခန့်က တိုက်ခိုက်ခံရပြီး တိုက်ပွဲမှာ ၂နာရီထက်မနည်းကြာမြင့်ခဲ့သည်ဟု ဆိုသည်။
“ကန်သာကြီးရွာနားမှာ။မနေ့ကဖြစ်တာတော့ ရှော့တိုက်ဒုံးတွေနဲ့ အပစ်ခံရတာ”ဟု မကွေးမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
အမှတ်(၂၅)ရဲတပ်ရင်းသည် မကွေး – ရေနံချောင်းသွားသည့်လမ်းပိုင်း၌ တည်ရှိသည်။ မျက်နှာချင်းဆိုင်တွင် မကွေးမြို့ ဗဟိုအကျဥ်းထောင်(ခ) ဒေါင်းနေအကျဥ်းထောင်ရှိသည်။
“စစ်ကောင်စီဘက်ကတော့ ဒေါင်းနေအကျဥ်းထောင်ကို လာဖောက်တယ်ဆိုပြီး သတင်းဖြန့်တာရှိတယ်။သိရသလောက်က ရဲတပ်ရင်းထဲကို ရှော့တိုက်ဒုန်းတွေ ကျတယ်။ထိခိုက်တာတွေတော့ စုံစမ်းနေတုန်းပဲ”ဟု မကွေးတိုင်းစစ်ဖက်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါအကျဥ်းထောင်တွင် ဒီချုပ်အစိုးရ၏ မကွေးတိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် နှစ်ထောင်နီးပါးကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း ၎င်းက ဆိုသည်။
ယမန်နေ့က ရဲတပ်ရင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့်ပတ်သက်၍ မကွေးတိုင်း တော်လှန်ရေးအင်အားစုများထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)အများစုရှိရာ မကွေးတိုင်း၌ တော်လှန်ရေးအင်အားစုများသည် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံခြင်းနှင့် စခန်းအချို့ကို သိမ်းပိုက်လျှက်ရှိသည်။
