KIAနယ်မြေကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါး ပြုလုပ်
ဧပြီ ၁၄၊၂၀၂၅။ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း KIO/KIAသတင်းပြန်ကြားရေးဌာနက ဧပြီ ၁၃ရက် ညပိုင်းတွင် သတင်းဖော်ပြသည်။
ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် မြို့သိမ်းစစ်ဆင်ရေးစတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီက လေကြောင်း အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement
KIA ပူးပေါင်းတပ်က ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ စခန်းအများစုကို တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီး ကျန်နေသည့် စကခ(၂၁)ဌာနချုပ် အပါအဝင် ဗန်းမော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း KIAက လက်ရှိ စစ်ရေးအခြေအနေကို ယမန်နေ့တွင် အသိပေးသည်။
KIAသည် ဗန်းမော်မြို့ စကခ(၂၁)အနီးရှိ တပ်ရင်းဌာနချုပ်အချို့နှင့် တင့်ကားတပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ အခြား ကာကင်းစခန်းများ၊ လေယဉ်ကွင်းနေရာများကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲနေရာများအပြင် KIA နယ်မြေ၌ Y12လေယာဉ်ဖြင့် ၁၃၄ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၁၁ကြိမ်၊ ဒရုန်းဖြင့် ၆၇ကြိမ်၊ လက်နက်ကြီး ၂၇၄ ကြိမ်ပစ်ခတ်တိုက်ခိုက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ပြီးခဲ့သည့် တပတ်အတွင်း စစ်ကောင်စီက KIA နယ်မြေကို ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၈၆ ကြိမ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟုကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်မှုများ ဆက်ရှိနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ယခင် ကတည်းက ပြောထားသည်။
အထူးသဖြင့် ဗန်းမော်မြို့ကို နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်နေဟု သတင်းရင်းမြစ်က ပြောသည်။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပါနှင့် KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့မှု ဖြစ်စဉ်အချို့ကိုလည်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
ယမန်နေ့ ဧပြီ ၁၃ရက် နံနက်က KIA တပ်မဟာ(၂) တပ်ရင်း (၂၀)နယ်မြေရှိ လဝါးကျေးရွာအနီး ခွန်ဆိုင်ရန်ကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့များ စစ်ကြောင်းထိုးလာ၍ KIAနှင့် တိုက်ပွဲဖြစ်ခဲ့ဟု အသိပေးသည်။
” ဒီမနက်ပဲ စစ်ပွဲဖြစ်တယ်လို့ ကြားတယ်။ ထိတွေ့တာပေါ့။ စစ်ပွဲအနည်းငယ်ဖြစ်တာ။ အဲဒီ လီဒိုလမ်း ရှဒူးဇွပ်ရွာဘေးနားမှာ ထိတွေ့ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “မနေ့က ၉နာရီလောက်ကနေ စခတွေနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်း အင်အား ၃၀၀ ၊ ၄၀၀ လောက်ရှိမယ်။ လဝါးနဲ့ ဒွန်ဘက်ဘက်ကို ထိုးစစ်ဆင်လာတာ သူတို့။ အင်အားအလုံးအရင်းနဲ့ပေါ့။ ခွန်ဆိုင်ယန်ဘက်ကမှာ တိုက်ပွဲဖြစ်တာ မနေ့က တနေကုန်ပဲ။ တနိုင်းသွားတဲ့လမ်းပေါ့”ဟု ပြောသည်။
ထို့အပြင် ဧပြီ ၁၁ရက်က KIA တပ်ရင်း(၂၆) နယ်မြေအတွင်း၌လည်း ရှမ်းနီ SNAတပ် နှင့် စစ်ကောင်စီ ပူးပေါင်းတပ် စစ်ကြောင်းထိုးလာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
