တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က ကားလမ်းတစ်ခုမှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မြေကျွံချိုင့်ကြီးထဲ ပြုတ်ကျသွားတဲ့ အမျိုးသားကို သေဆုံးလျက်သား ရှာတွေ့ခဲ့ပါတယ်။
မတ်လ ၂၄ ရက်နေ့ ညနေပိုင်းတုန်းက အဲဒီ အမျိုးသားဟာ ကန်ဒေါင်ရပ်ကွက်မှာ မော်တော်ဆိုင်ကယ် စီးလာနေရင်း ရုတ်တရက် မြေကျွံကျမှုနဲ့ ကြုံပြီး ချိုင့်ခွက်ကြီးထဲ ပြုတ်ကျသွားခဲ့တာပါ။ သူ့ကို ရှာတွေ့ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက နာရီပေါင်းအတော်ကြာ အပူတပြင်း အားထုတ်ခဲ့တဲ့နောက် မတ်လ ၂၅ ရက်နေ့မှာ အလောင်းကို တွေ့ရှိခဲ့တာပါ။
အလောင်းဟာ မြေမျက်နှာပြင်ရဲ့အောက် ၁၆၄ ပေလောက် အနက်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ရုတ်တရက် မြေကျွံသွားတဲ့ ဖြစ်စဉ်ကြောင့် ကားမောင်းသူ တစ်ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။
ကားတစ်စီးရဲ့ black box ကင်မရာက ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ အဲဒီဖြစ်စဉ်ကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာလည်း လူပြောများနေပါတယ်။ ဗီဒီယိုထဲမှာတော့ လမ်းဆုံ မီးပွိုင့်တစ်ခုရဲ့ အကျော်မှာ ကတ္တရာ လမ်းမမှာ ရုတ်တရက် တွင်းချိုင့်ကြီး ဖြစ်သွားရာက မော်တော်ဆိုင်ကယ်သမား ပြုတ်ကျသွားပြီး အဖြူရောင် ဗင်ကားကတော့ ပြုတ်ကျမယ့် အရေးကနေ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement
စက္ကန့်ပိုင်း အကြာမှာတော့ အဲဒီ မြေကျွံချိုင့်ကြီးရဲ့ နှုတ်ခမ်းသားတွေ ထပ်ပြီး ပဲ့ထွက်ရာက ပိုပြီး ကျယ်ဝန်းတဲ့ ဧရိယာမျိုးထိ ပြိုကျခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးဖြစ်ပြီး နာမည်ကိုတော့ အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။ ကန်ဒေါင် မီးသတ်ဌာန အကြီးအကဲ ကင်မ်ချန်ဆော့က အဲဒီ မြေကျွံချိုင့်ထဲမှာ တန်ချိန် ၂၀၀၀ လောက် လေးလံတဲ့ မြေသားတွေနဲ့ ရေတွေ ရောနှောတည်ရှိနေတယ်လို့ ယုံကြည်ရကြောင်း အစောပိုင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။
မှတ်တမ်း အချက်အလက်တွေအရ ဆိုးလ်မြို့တော်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မြေကျွံချိုင့် ၂၂၃ ခုထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အခြေခံ အဆောက်အအုံ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ၊ သက်တမ်းရင့်ပြီး ပေါက်ပြဲကုန်တဲ့ ရေဆင်းပိုက် စနစ်တွေ၊ မြေတူးမှုတွေနဲ့ ဆက်စပ်တဲ့ သက်ရောက် ထိခိုက်မှုတွေဟာ အခုလိုမျိုး မြေကျွံချိုင့်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။
ဇန်နဝါရီလတုန်းက ဂျပန်နိုင်ငံ၊ ယိုရှီယိုမြို့မှာလည်း လမ်းဆုံနေရာ တစ်ခုနားမှာ မြေကျွံချိုင့်ကြီး ရုတ်တရက် ပေါ်လာရာက ထရပ်ကားတစ်စီး ထိုးကျသွားပြီး ယာဉ်မောင်းကို ရှာမတွေ့တော့ပါဘူး။
မနှစ်က ဩဂုတ်လမှာလည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်ရဲ့ မြို့တော်ခန်းမနားက ပလက်ဖောင်းမှာ မြေကျွံချိုင့်ကြီး ရုတ်တရက် ပေါ်လာရာက အမျိုးသမီးတစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ကို လိုက်ရှာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ တစ်ပတ်အကြာမှာ ရပ်နားခဲ့ပါတယ်။
ကိုးကား: BBC
