close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား ဝန်ကြီးချုပ်အပေါ် လွှတ်တော် စွပ်စွဲပြစ်တင်မှုကို အခြေခံ ဥပဒေခုံရုံးပယ်ဖျက်

ရာထူးကနေ ဆိုင်းငံ့ထားတဲ့ ဝန်ကြီးချုပ် ဟန်ဒက်ဆူကို မူလရာထူးမှာ ပြန်လည် ခန့်အပ်ဖို့ တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက အဆုံးအဖြတ် ပေးခဲ့ပါတယ်။

AP

ရာထူးကနေ ဆိုင်းငံ့ထားတဲ့ ဝန်ကြီးချုပ် ဟန်ဒက်ဆူကို မူလရာထူးမှာ ပြန်လည် ခန့်အပ်ဖို့ တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက အဆုံးအဖြတ် ပေးခဲ့ပါတယ်။

သမ္မတ ယွန်ဆွတ်ခ်ယောက မတ်လ ၃ ရက်နေ့မှာ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့တဲ့နောက်ပိုင်း နိုင်ငံရေး ဂယက်တွေ အကြီးအကျယ် ထနေတဲ့ နိုင်ငံမှာ ခုံရုံးရဲ့ အခုဆုံးဖြတ်ချက်ဟာ အထင်ရှားဆုံး အရွေ့တစ်ခု ဖြစ်လာပါတယ်။ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ ပြည်သူတွေနဲ့ လွှတ်တော်ရဲ့ အပြင်းအထန် ကန့်ကွက်မှုတွေကြောင့် ၆ နာရီကျော်သာ သက်တမ်းခံခဲ့ပြီး အဲဒီကိစ္စ နောက်ဆက်တွဲအဖြစ် လောလောဆယ် သမ္မတ ယွန်ကိုယ်တိုင်လည်း ရာထူးကနေ ဆိုင်းငံ့ ခံထားရပါတယ်။

ယွန်ဟာ လွှတ်တော် မဲခွဲဆုံးဖြတ်မှုအရ စွပ်စွဲပြစ်တင်မှုတွေ ခံရပြီး ရာထူးကနေ ဆိုင်းငံ့ခံထားခဲ့ရတာပါ။ ဒါကြောင့် ဝန်ကြီးချုပ်ဖြစ်သူ ဟန်က ယာယီ သမ္မတအဖြစ် တာဝန်ယူခဲ့ပေမယ့် အတိုက်အခံတွေ ဦးဆောင်ပြီး လွှတ်တော်မှာ စွပ်စွဲပြစ်တင် မဲခွဲမှုကြောင့် ဟန်လည်း ရာထူးက ဆိုင်းငံ့ခြင်း ခံခဲ့ရပြန်ပါတယ်။ မတ်လ ၂၄ ရက်နေ့မှာတော့ ခုံရုံးက ဝန်ကြီးချုပ် ဟန်အပေါ် စွပ်စွဲပြစ်တင်မှုတွေကို ကြားနာ ပယ်ဖျက်ပေးခဲ့ပြီး အဲဒီအတွက် သူဟာ ယာယီ သမ္မတ နေရာကို ချက်ချင်း ပြန်လည် ရရှိခဲ့ပါတယ်။

ခုံရုံးရဲ့ မှန်ကန်မျှတတဲ့၊ ပညာဉာဏ် ပြည့်ဝတဲ့ အဆုံးအဖြတ်အတွက် ဝမ်းလည်းသာ၊ ကျေးဇူးလည်း တင်တယ်လို့ ဟန်က ဆိုပါတယ်။ သူ့ကို ရာထူးကနေ ဆိုင်းငံ့ထားတဲ့ ကာလအတွင်း နိုင်ငံကို အစွမ်းကုန် ဦးဆောင်မှု ပေးခဲ့တဲ့ အစိုးရ အဖွဲ့ဝင်တွေကိုလည်း ဟန်က ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟန်အပေါ် လွှတ်တော် စွပ်စွဲပြစ်တင်မှုကို ကြားနာတဲ့ ခုံရုံး တရားသူကြီး ၈ ယောက်ထဲမှာ ၂ ယောက်က ကန့်ကွက်ပေမယ့် ၅ ယောက်က လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ပိုင်ခွင့်ဟာ မှန်ကန်သင့်တော်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ပါတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားမျိုး မရှိခဲ့ကြောင်း ခုံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၇၅ နှစ်အရွယ် ဟန်ဟာ တောင်ကိုရီးယားရဲ့ သမ္မတ ငါးဆက်လောက် လက်အောက်မှာ ကွဲပြားတဲ့ ခေါင်းဆောင်မှု တာဝန်တွေကို ယူခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးပါ။ သူဟာ ပြိုင်ဘက် နိုင်ငံရေး အင်အားစုတွေကြားမှာ လေးစား လက်ခံလောက်တဲ့ ပုံရိပ်အဖြစ် ရှိခဲ့ဖူးပေမယ့် ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကို ဟန့်တားဖို့ ထိထိရောက်ရောက် အားမထုတ်ခဲ့ကြောင်း စွပ်စွဲပြီး ယွန်နည်းတူ သူ့ကိုပါ စွပ်စွဲပြစ်တင်ကြောင်း မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယွန်ရော၊ ဟန်ပါ ရာထူးက ဆိုင်းငံ့ခံထားရချိန် အတောအတွင်း ဘဏ္ဍာရေး ဝန်ကြီး ချွိုင်ဆန်မော့က ယာယီ သမ္မတအဖြစ် တာဝန်ယူထားခဲ့ပါတယ်။

ခုံရုံးဟာ လောလောဆယ် ရာထူးက ဆိုင်းငံ့ ခံထားရတဲ့ သမ္မတ ယွန်ရဲ့ ရာထူး အနာဂတ်ကိုလည်း ရက်ပိုင်းအတွင်း အဆုံးအဖြတ် ပေးသွားဖွယ် ရှိနေပါတယ်။ ယွန်ကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်မှာ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခွင့်ကို ခွင့်ပြုပေးထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်မှု လုံးဝ မရှိခဲ့ဘူးလို့ ပြောပါတယ်။ တကယ်လို့ ခုံရုံးက ယွန်ဟာ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုနဲ့ ထိုက်တန်တယ်လို့ စီရင်ချက် ချခဲ့မယ်ဆိုရင် သမ္မတ အဖြစ်ကနေ အပြီးတိုင် ဖယ်ရှားခံရမှာပါ။ အဲဒီအခါ တောင်ကိုရီးယားဟာ နှစ်လအတွင်း ရွေးကောက်ပွဲ ကျင်းပပြီး သမ္မတသစ် တစ်ဦးကို တင်မြှောက်သွားရမှာ ဖြစ်ပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ