မတ်-၂၅၊ ၂၀၂၅။ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့် အရာရှိများသည် တပ်မတော်၏ သစ္စာလေးချက်ကို ဖောက်ဖျက်ခြင်း၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းများလုပ်နေသည်ဟု ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ကြပ်များက ပြောသည်။
ဗန်းမော်တိုက်ပွဲအတွင်း အမှတ်(၃)ဝန်တင်တပ်ရင်း ဗန်းမော်တပ်ဆွယ်မှ အလင်းဝင်လာသည့် လုပ်သက်ရင့် တပ်ကြပ်အဆင့်ရှိသူများနှင့် မေးမြန်းချက်ကို ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေး ဖော်ပြခဲ့ရာ တပ်ကြပ်သန်းဇော်၊ တပ်ကြပ်အောင်အောင်နှင့် တပ်ကြပ်ဇော်မင်းနိုင်တို့က တပ်တွင်းအခြေအနေနှင့် ၎င်းတို့၏ အမြင်သုံးသပ်ချက်များကို ပြောကြားခဲ့သည်။
“တပ်မတော်မှာ သစ္စာလေးချက်ရှိပါတယ်။ သစ္စာလေးချက်ရှိတဲ့အထဲမှာ ပထမဦးဆုံးအချက်တော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ သစ္စာကို စောင့်သိရိုသေပါမည်ဆိုတာ။ အခုဖြစ်နေတဲ့ဟာနဲ့ သစ္စာလေးချက်နဲ့က လုံး၀ ကိုက်ညီမှုမရှိဘူးလို့ ယူဆပါတယ်”ဟု တပ်ကြပ်အောင်အောင်က ပြောသည်။

Public Service Announcement
စစ်ကောင်စီ၏ လက်ရှိလုပ်ရပ်များသည် တပ်မတော်၏ သစ္စာလေးချက်နှင့် တလွဲစီဖြစ်နေသည်ဟု ၎င်းက ပြောသည်။
” ကျနော်တို့ဆိုထားတဲ့သစ္စာလေးချက်က နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ သစ္စာစောင့်သိရိုသေပါမယ်ဆိုတာ ဒါပေမဲ့အခုက နိုင်ငံတော် နဲ့ နိုင်ငံသား စောင့်သိဖို့ နေနေသာသာ အခုက နိုင်ငံတော်ကိုဖျက်ဆီးသလိုဖြစ်နေတာ”ဟု တပ်ကြပ်အောင်အောင်က ပြောသည်။
စစ်ကောင်စီက တပ်မတော်သစ္စာကို ပြောင်းပြန် ကျင့်သုံးနေခြင်းဖြစ်သည်ဟု ဆိုသည်။
အထက်ကပေးအပ်သည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါမည်ဆိုသည့် အချက်ကိုလည်း စစ်ကောင်စီ အရာရှိများက ကိုယ်ကျိုးအတွက်သာလုပ်ဆောင်နေပြီး အောက်ခြေရဲဘော်များအား ဖိနှိပ်နေသည်ဟု တပ်ကြပ်ဇော်မင်းနိုင်က ပြောသည်။
နိုင်ငံတော် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး နှင့်ပတ်သက်ပြီးလည်း စစ်ကောင်စီက ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။
“အောက်က စစ်သည်ကိုမငဲ့တော့ဘူး”ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။
ကျဆုံးလေပြီးသော တပ်မတော်သားများ၏ သစ္စာကိုစောင့်သိရိုသေပါမည်ဆိုသည့် အချက်နှင့်ပတ်သက်၍ သစ္စာစောင့်သိရန် မပြောနှင့်ရှေ့တန်း၌ အမိန့်စာပင်မပြန်ဘဲ စောင်ကြားပတ် မြောင်းထဲ ပစ်ထားခဲ့ခြင်းအပါအဝင် ကောင်းမွန်စွာ သင်္ဂြိုလ်ခြင်းမရှိဘဲ ပစ်ထားသည်ကို ကြားသိရကြောင်း အလင်းဝင်လာသည့် တပ်ကြပ်များက ပြောသည်။
ထို့ပြင် ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်အဓိဌာန်ပြုပါသည်ဆိုသည့်အချက်နှင့်လည်း ကိုက်ညီခြင်းမရှိဟု ပြောသည်။
“တပ်မတော်အတွက်ကိုမပြောနဲ့ သူတို့မိသားစုအတွက် သူတို့ကာကွယ်စောင့်ရှောက်သွားတာရှိတယ်” ဟု တပ်ကြပ်ဇော်မင်းနိုင်က ပြောသည်။
တိုက်ပွဲဖြစ်မည့်သတင်းများကြောင့် စစ်ကောင်စီအရာရှိ ဇနီးများကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့သော်လည်း စစ်သည်ရဲဘော်များ၏ ဇနီးများကိုမူ တပ်ထဲ၌သာနေထိုင်ခိုင်းသည်ဟု ပြောသည်။
“တိုက်ပွဲတွေလည်း ဖြစ်တယ် အသံကြားတဲ့အခါကျတော့ သူတို့ အရာရှိကတော်တွေကို သူတို့ နီးစပ်ရာ လွတ်ရာကျွတ်ရာ သူတို့ရဲ့အိမ်တွေသူတို့ရဲ့ ဌာနေကို ပြန်ပို့လိုက်ကြတယ်”ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။
ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော်လည်း ကျေးရွာများကို လေယာဉ်များဖြင့် ဗုံးကြဲခြင်းများ လုပ်ဆောင်နေကြောင်းလည်း တပ်ကြပ်အောင်အောင်က ဆွေးနွေးသည်။
“ပြည်သူလူထုကို အသက်အိုးအိမ်ကာကွယ်ဖို့ မပြောနဲ့ အခုလို ဖျက်ဆီးနေတော့ ဘယ်လိုကိုက်ညီတော့မလဲ”ဟု တပ်ကြပ်အောင်အောင်က ပြောသည်။
ပြည်သူများအနေဖြင့် နေအိမ်တစ်လုံးရရန်များစွာ ရုန်းကန်နေကြရကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူကို ပြန်ကြည့်ရမည်ဖြစ်သော်လည်း ပြန်မကြည့်ဘဲ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်ဟု တပ်ကြပ်အောင်အောင်က ပြောသည်။
