မတ်-၂၅၊ ၂၀၂၅။ ရဲခေါင်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူ – ရေစကြိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲ ၁၀ဦးထက်မနည်း သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက လူထုနွေဦးသို့ပြောသည်။
အင်အား ၂၀ ကျော်ပါသည့် စစ်ကောင်စီ၏ ဂျန်ဘာ(ဒရုန်းဖျက်ကိရိယာ) တပ်ဆင်ထားသော သံပြားကာယာဉ်အား မတ်လ ၁၇ရက် ညနေပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု Southern YSO PDF က အသိပေးသည်။
အာပီဂျီ၊၄၀ မမ နှင့် ကျည်ငယ်တို့ကို အချိုးကျပစ်ခတ်ခဲ့ပြီး သံပြားကာယာဉ်အား စီးနင်းနိုင်ရန်ကြိုးပမ်းချိန်တွင် Southern YSO ၏ စစ်ကြောင်းမှူးမှာ လက်နက်ချို့ယွင်းပြီး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
“ဗျူဟာအရတော့ စစ်ကြောင်းမှူးထိတာနဲ့ ဒုစစ်ကြောင်း မှူးတက်ရမှာ ဗျူဟာအရမှန်ပေမယ့် မြောက်ဘက်မှာလည်း GTC ဂိတ်ရှိတယ်။မီတာ ၅၀၀ လောက်ပဲဝေးတယ်။တောင်ဘက်မှာလည်း ပန်းတိုင်ခြုံဂိတ်ရှိတယ်။အဲဒါလည်း မီတာ ၄၀၀ လောက်ပဲဝေးတယ်။မီတာ ၉၀၀ နဲ့ ၁၀၀၀ ကြားထဲမှာ ဝင်တိုက်ရတဲ့အခြေအနေ။စစ်ကြောင်းမှူးကလည်း အသက်အန္တ ရာယ်စိုးရိမ်ရလို့ နောက်ဆုတ်လိုက်တာပေါ့”ဟု ကိုအောင်မောင်းက တိုက်ပွဲ ဖြစ်စဥ်ကိုရှင်းပြသည်။
ထို့အပြင် တိုက်ပွဲဖြစ်စဥ်ထုတ်ပြန်မှု နောက်ကျရခြင်းမှာလည်း စစ်ကြောင်းမှူး၏ ကျန်းမာရေးကို အလေးထား ဆောင်ရွက်ရသည့် အခြေအနေကြောင့်ဟု သိရသည်။
“ပြန်ဆုတ်တာမှန်သွားတယ် ပြောရမယ်။လက်နက် သိမ်းရလိုက်တာမရတာထက် စစ်ကြောင်းမှူး အသက် ကို ကယ်တင်လိုက်နိုင်ခဲ့တယ်။ဝမ်းသာစရာတစ်ခုပါပဲ”ဟု Southern YSO PDF တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ်(၁၀၁)မှ တပ်ကြပ်ကြီးနိုင်လင်း၊ခလရ (၂၃၅)တပ်ရင်းမှ တပ်ကြပ်ကြီး နေဝင်း၊ခလရ (၂၅၉)တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် မကွေးတိုင်းအခြေပြု ရဲ ၁၀ဦးထက်မနည်း သေဆုံးကြောင်းလည်း Southern YSO PDF က ယနေ့ (မတ်လ ၂၅ ရက်)တွင် ထုတ်ပြန်သည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။
နတ်မိကျောင်းစစ်ဆင်ရေးဖြင့် Southern YSO PDF ၊ ပြည်သူ့အားမာန် PDF ၊Yesagyo Revolutin Group (YRG)၊ ဒေါင်းညီနောင်၊ဒေါင်းစစ်သည်၊King Cobraနှင့် ရေစကြိုမြို့နယ် ပလဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဟု ဖော်ပြသည်။
ဖေဖော်ဝါရီ ၁၁ရက်ကလည်း ရေစကြိုမြို့နယ် ပခန်းမြို့မြောက်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းကို နတ်မိကျောင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာ MA 3သေနတ်တစ်လက်နှင့် MA 1 သေနတ် လေးလက် သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF အသိပေးထားသည်။
