ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်ပြည်နယ်မှာ လေထုထဲ မီးခိုးမြူတွေ ထူထပ်နေတဲ့ ပြဿနာက ပိုမို ဆိုးရွားနေပြီး ကလေးအများစု အပါအဝင် လူအတော်များများဟာ နှာခေါင်းသွေး လျှံတာတွေ၊ အရေပြား ယားယံတာ၊ အဖုအပိန့်ထတာတွေ ကြုံနေရပါတယ်။
ချင်းမိုင်မှာ မီးခိုးမြူ ထူထပ်မှုနဲ့ လေထုညစ်ညမ်းမှု ပြဿနာဟာ ဆက်လက် တည်တံ့နေဆဲဖြစ်ပြီး ပြည်သူလူထု၊ အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ် ထိခိုက်သက်ရောက်မှု ပိုမို ပြင်းထန်စွာ ဖြစ်ပေါ်နေတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ ချင်းမိုင်မှာ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်ပြီး ကလေးတွေ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဝေဒနာတချို့ ခံစားရတာ၊ နှာခေါင်းသွေး လျှံတာတွေ သိသိသာသာ များလာတယ် ဆိုတာကို လူမှုကွန်ရက်တွေပေါ် တင်ထားတဲ့ ပို့စ်တွေအရ သိနိုင်ပါတယ်။
ဒါပေမဲ့ ကိစ္စ အများစုဟာ ဆေးရုံတင်ပို့စရာ လိုတဲ့ထိ ပြင်းထန်တာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ တစ်ဖက်မှာလည်း လေထုညစ်ညမ်းမှု၊ မီးခိုးမြူ ထူထပ်မှုတွေကြောင့် နောက်ဆက်တွဲ ရေရှည် ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုတွေ စွဲကျန်နေမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
သူ့သမီး နှာခေါင်းသွေးလျှံတဲ့ အကြောင်းကို ချင်းမိုင် ဒေသခံ တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ တင်ထားရာမှာတော့ သူတို့ မိသားစုဟာ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်သွားလေ့ရှိကြောင်း၊ ဒါပေမဲ့ မတ်လ ၁၉ ရက်နေ့တုန်းကတော့ မြို့ထဲမှာ ကားဆီဖြည့်၊ ပစ္စည်းဝယ်ပြီး နေ့လယ်စာ စားခဲ့တာကြောင့် နှာခေါင်းစည်းတွေ ချွတ်ထားခဲ့ကြောင်း၊ ကားပေါ် ပြန်ရောက်ပြီး ခဏနေတော့ သူ့ရဲ့ ၇ နှစ် သမီးလေးက နှာခေါင်းသွေး စလျှံခဲ့ကြောင်း ရှင်းပြထားပါတယ်။ သူ့သမီးဟာ ချင်းမိုင်မှာ မီးခိုးမြူတွေ ထူထပ်တဲ့ ရာသီရောက်တိုင်း နှာခေါင်းသွေး လျှံတတ်တာကြောင့် ဂရုစိုက်ခဲ့ပေမယ့်လည်း ဒီအခြေအနေကို မတားနိုင်ခဲ့ကြောင်း သူက ဆိုပါတယ်။

Public Service Announcement
ကလေးတွေ နှာခေါင်းသွေးလျှံတဲ့ အကြောင်းကို ချင်းမိုင် ဒေသခံ မိဘတွေက လူမှုကွန်ရက်တွေပေါ် ပို့စ်တွေ အများအပြား တင်ထားကြသလို တချို့တွေကလည်း ကလေးတွေ အရေပြားမှာ အနီကွက်တွေ ထတာ၊ ဓာတ်မတည့်မှု လက္ခဏာတွေ ပေါ်လာတာတွေကို ဝေမျှထားခဲ့ပါတယ်။ ဒီလို ကိစ္စတွေက ကလေးတွေသာ မကဘဲ လူကြီးတွေမှာလည်း ကြုံတွေ့နေပါတယ်။
အခုပြဿနာမျိုးဟာ ညတွင်းချင်း ဖြေရှင်းလို့ မရနိုင်တဲ့တိုင်အောင် ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ လေထုညစ်ညမ်းမှု လျှော့ချရေး အစီအမံတွေအပေါ် ပိုပြီး အာရုံစိုက်သင့်ကြောင်း တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ အလားတူ စီးပွားရေး ပညာရှင်တွေကလည်း ဒီပြဿနာဟာ နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ကဏ္ဍကိုပါ ထိခိုက်စေနိုင်ကြောင်း ထောက်ပြထားပါတယ်။
ချင်းမိုင်မှာ စိုက်ခင်းဟောင်းတွေကို မီးရှို့ရှင်းလင်းတာ၊ တောမီးလောင်တာ၊ ယာဉ်တွေက ညစ်ညမ်းဓာတ်ငွေ့တွေ ထုတ်လွှတ်တာတွေကြောင့် မီးခိုးမြူတွေ ဖွဲ့စည်း ဖြစ်ပေါ်လေ့ ရှိပါတယ်။ နောက်ပြီး ချင်းမိုင်ရဲ့ မြေမျက်နှာသွင်ပြင်ကလည်း မီးခိုးမြူ စုဖွဲ့မှုတွေကို ပိုမို အားပေးတဲ့ အခြေခံမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
ကိုးကား: Nation
