People’s Spring
ဝီဂါ ၄၀ ကို တရုတ်နိုင်ငံဆီပြန်ပို့လိုက်တာကြောင့် လက်ရှိထိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အရင် အစိုးရအဖွဲ့ဝင်ဟောင်းတွေကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာပိတ်လိုက်တယ်လို့ မတ် ၁၄ ရက် ရက်စွဲနဲ့ထုတ်ပြန်ကြေညာပါတယ်။
ထိုင်းအစိုးရက ဖေဖော်ဝါရီ ၂၇ ရက်တုန်းက ၁၁ နှစ်နီးပါး ဖမ်းဆီးထားတဲ့ ဝီဂါတွေထဲက ၄၀ ကျော်ကို တရုတ်ကို ပြန်ပို့ခဲ့ပါတယ်။ ဒီလိုဝီဂါတွေကို လွှတ်လိုက်တာကြောင့် ထိုင်းနိုင်ငံတွင်းမှာ ဗုံးဖောက်ခွဲမှု ဖြစ်လာနိုင်တယ်ဆိုပြီး ၂၀၁၅ ခုနှစ် တုန်းက ဘန်ကောက်မြို့လယ်က လေးမျက်နှာ ဘုရားပေါက်ကွဲမှုနဲ့ ချိတ်ဆက်ကာ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပါတယ်။
၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ဖောက်ခွဲမှုဟာ ထိုင်းအစိုးရက၂၀၁၄ ခုနှစ်တုန်းက သူတို့ ဖမ်းဆီးထားတဲ့ ဝီဂါ ၂၂၀ ဦးအနက် ၁၀၉ ဦးကို တရုတ်ဆီ ပြန်ပို့တာကြောင့် လက်တုံ့ပြန်တာဖြစ်တယ်လို့ ထိုင်းရဲက အဲဒီတုန်းက ကောက်ချက်ချခဲ့ပါတယ်။

Public Service Announcement
ဝီဂါတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ အဓိက နေထိုင်ပြီး တရုတ်အစိုးရဟာ အဲဒီ လူနည်းစု မျိုးနွယ်တွေအပေါ် လူမျိုးသုဉ်း ဖိနှိပ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။
ဝီဂါတွေကို တရုတ်လက်ထဲ အပ်လိုက်တဲ့ လုပ်ရပ်အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာက အပြင်းအထန် ရှုတ်ချ ဝေဖန်တာတွေ ရှိခဲ့ပေမယ့်လည်း ထိုင်းအစိုးရကတော့ အဲဒီလုပ်ရပ်အပေါ် အသည်းအသန် ကာကွယ်ခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်တွေက ဝီဂါတွေဟာ တရုတ်မှာ နှိပ်စက်ညှင်းပန်းတာ၊ စနစ်တကျ ဖိနှိပ်တာတွေအပြင် မမျှော်မှန်းနိုင်လောက်တဲ့ အန္တရာယ်တွေပါ ကြုံတွေ့သွားနိုင်တယ်လို့ ပြောပါတယ်။
ဝီဂါ မွတ်ဆလင်တွေကို တခြားနိုင်ငံတွေဆီ လွှဲပြောင်းမပေးဘဲ တရုတ်ဆီ ပြန်လည် ပို့ဆောင်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်ရဲ့ အငြှိုးထားမှုကို မခံချင်တာကြောင့်လို့ ထိုင်းအစိုးရ အဖွဲ့ဝင် ဒုတိယ ဝန်ကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။
ကိုးကား- US State Department/CNA
