close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ လေယာဉ် မီးလောင်မှုကြောင့် ခရီးသည်တွေကို တောင်ပံပေါ် ရွှေ့ပြောင်းပြီး ကယ်ထုတ်ခဲ့ရ

အမေရိကန် လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်တစ်စီး လေဆိပ်ထဲမှာ မီးစွဲလောင်ခဲ့တဲ့နောက် ခရီးသည်တွေကို လေယာဉ်ရဲ့ တောင်ပံပေါ်ကို အရေးပေါ် ရွှေ့ပြောင်းစေပြီး ကယ်ထုတ်ခဲ့ရပါတယ်။

AFP/BRANDEN WILLIAMS

အမေရိကန် လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်တစ်စီး လေဆိပ်ထဲမှာ မီးစွဲလောင်ခဲ့တဲ့နောက် ခရီးသည်တွေကို လေယာဉ်ရဲ့ တောင်ပံပေါ်ကို အရေးပေါ် ရွှေ့ပြောင်းစေပြီး ကယ်ထုတ်ခဲ့ရပါတယ်။

မတ်လ ၁၃ ရက်နေ့တုန်းက ကိုယ်ထည်မှာ မီးစွဲလောင်နေတဲ့ Boeing လေယာဉ်ဆီက ခရီးသည်တွေကို ကော်လိုရာဒိုမှာ ရှိနေတဲ့ လေဆိပ်တစ်ခုထဲမှာ လေယာဉ် တောင်ပံပေါ်ရွှေ့ပြီး ကယ်ထုတ်နေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ ထွက်ပေါ်လာခဲ့ပါတယ်။

ခရီးသည်တွေကို လေယာဉ် တောင်ပံပေါ် ရွှေ့ပေးပြီးတဲ့နောက် လေထိုးထားတဲ့ လျှောတွေ၊ အရေးပေါ် လှေကားတွေကို သုံးပြီး ဘေးကင်းအောင် ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ အမေရိကန် ဖက်ဒရယ် လေကြောင်း ကွပ်ကဲမှု ဌာန (FAA)က ထုတ်ပြန်ခဲ့ပါတယ်။

ဒန်ဗာ နိုင်ငံတကာ လေဆိပ်ထဲက ဖြစ်ရပ်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် အနည်းအကျဉ်း ဒဏ်ရာရသူ ခရီးသည် ၁၂ ဦးကိုတော့ လိုအပ်တဲ့ ဆေးစစ်မှုတွေ ခံယူဖို့ ဆေးရုံကို ပို့ပေးခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ဟာ ကော်လိုရာဒို စပရင်းစ်ကနေ ပျံတက်လာပြီး ဒဲလက်စ်မှာရှိတဲ့ တက္ကဆက်စ်ပြည်နယ်၊ ဖို့ထ်ဝေါ့သ် နိုင်ငံတကာ လေဆိပ်ဆီ ဦးတည်ခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်ရဲ့ အင်ဂျင် တုန်ခါမှု လွန်ကဲနေတာကို သတိထားမိတဲ့ လေယာဉ်မှူးတွေက လမ်းကြောင်းပြောင်းပြီး ဒန်ဗာမှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။

လေယာဉ်က ချောချောမောမော ဆင်းသက်နိုင်ခဲ့ပေမယ့်လည်း ပြေးလမ်းပေါ်ကနေ ဆွဲယူလာတဲ့ အချိန်မှာ ရုတ်တရက် မီးထလောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး Boeing 737-800 အမျိုးအစား လေယာဉ်ရဲ့ အင်ဂျင်ပိုင်း ပြဿနာ တစ်ခုခုကြောင့်လို့ ကနဦး ယူဆထားပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၂ ဦးနဲ့ အမှုထမ်း ၆ ဦး လိုက်ပါလာခဲ့ပြီး အားလုံးကို အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ် မီးလောင်ရာက ထွက်ပေါ်လာတဲ့ မီးခိုးတွေကို လေဆိပ်အပြင်ဖက် ခပ်ဝေးဝေးကနေပါ တွေ့မြင်ခဲ့ရတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

လေယာဉ်နဲ့ ချိတ်ဆက်ပြီး အရေးပေါ် လေမှုတ်လျှောတွေ အသုံးပြုနိုင်မယ့် နောက်ဖက်ကိုယ်ထည် တံခါးပေါက် အနီးတဝိုက်မှာ မီးလောင်ခဲ့တာကြောင့်လည်း တောင်ပံနားက တံခါးတွေကို ဖွင့်ပြီး ခရီးသည်တွေကို ကယ်ထုတ်ခဲ့ရတာလို့ ဆိုပါတယ်။ လေကြောင်းလိုင်းကတော့ အခုလိုမျိုး ခရီးသည်တွေကို ဘေးမသီရန်မခ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် ပူးပေါင်း ဆောင်ရွက်ပေးသူ အားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အမေရိကန်မှာ လေကြောင်း မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ခြင်းကလည်း နိုင်ငံရဲ့ လေကြောင်း သယ်ယူပို့ဆောင်မှု လုံခြုံရေး စံနှုန်းတွေအပေါ် စိုးရိမ်တကြီး မေးခွန်းထုတ်မှုတွေ ရှိလာစေပါတယ်။

အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာ အမေရိကန် လေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ် ပြေးဆွဲတဲ့ လေယာဉ်ငယ် တစ်စီးဟာ စစ်တပ် ရဟတ်ယာဉ်နဲ့ ဇန်နဝါရီ လကုန်ပိုင်းက လေထဲမှာ တိုက်မိပြီး မြစ်ထဲကို နှစ်စီးလုံး ပျက်ကျရာက လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ လလယ်မှာလည်း Delta လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်တစ်စီးဟာ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ လေဆိပ်ကို အဆင်းမှာ ပျက်ကျပြီး ကိုယ်ထည် ပက်လက်လန်သွားတဲ့ ဖြစ်ရပ်ကြောင့် လူ ၂၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အထက်စည်းဆန်ဆန် ဆက်ဆံနေသ၍ အီရန်ဟာ အမေရိကန်နဲ့ ဘာညှိနှိုင်းမှုမှ လုပ်မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဆိုပြုတဲ့ ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲရေး အဆိုကို ယူကရိန်းက လက်ခံခဲ့ခြင်းနဲ့အတူ ယူကရိန်းအတွက် အထောက်အပံ့တွေကို အမေရိကန်က ပြန်လည် ခွင့်ပြုထားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီရန်၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံ ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု တစ်ခုကို အိုမန် ပင်လယ်ကွေ့မှာ မတ်လ ၁၀ ရက်နေ့ အစပြုခဲ့ကြောင်း သိရပါတယ်။

Facebook