နိုင်ငံ ပိုင်နက်ထဲမှာ အမေရိကန်ရဲ့ နျူကလီးယား စစ်လက်နက်တွေ လာရောက် ဖြန့်ကျက်ထားဖို့ ပိုလန် သမ္မတ အန်ဒါဇက်ဂျ် ဒူဒါက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ဥရောပတိုက် အရှေ့ပိုင်းမှာ တည်ရှိပြီး NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ပါဝင်တဲ့ ပိုလန်မှာ အမေရိကန် နျူကလီးယား လက်နက်တွေ ထားရှိခြင်းဟာ ရုရှားရဲ့ ရန်လို ကျူးကျော်မှုတွေကို တားဆီးနိုင်ဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်လိမ့်မယ်လို့ ဒူဒါက ဆိုပါတယ်။
ဒူဒါဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်ကတည်းက နျူကလီးယား လက်နက်တွေ ပိုလန်ပိုင်နက်ထဲမှာ ဖြန့်ကျက်ထားဖို့ တိုက်တွန်းနေခဲ့သူပါ။ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေနဲ့လည်း အဲဒီကိစ္စကို အလေးထား စဉ်းစားပေးသင့်ကြောင်း ဒူဒါက မတ်လ ၁၃ ရက်နေ့၊ Financial Timesနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဒူဒါရဲ့ နိုင်ငံတကာရေးရာ အကြံပေး ဒူဒါက ဝိုဆစ်ချ် ကိုလာစကီကလည်း နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားတဲ့ ကာကွယ်ရေး အစီအမံကသာ ပိုလန်နိုင်ငံနဲ့ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အရှေ့ဖက်ဖျား နယ်မြေတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ပိုလန် ရေဒီယို တစ်ခုနဲ့ အင်တာဗျူးမှာ သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
ပိုလန်ဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံ၊ ရုရှားရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ်တို့အပြင် ရုရှားနိုင်ငံနဲ့ အဆက်အစပ် မရှိပေမယ့် ရုရှားပိုင်နက်ဖြစ်တဲ့ ကာလင်နင်ဂရတ် ဒေသတွေနဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။
ဒူဒါရဲ့ နိုင်ငံရေး ပြိုင်ဖက်ဖြစ်ပြီး ပိုလန် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဒေါ်နယ်လ်တက်စ်ခ်ကလည်း ပိုလန်ဟာ နျူကလီးယား စစ်လက်နက်တွေရဲ့ အကာအကွယ်မျိုး ရှိသင့်တယ် ဆိုတာကို ထောက်ခံပေမယ့် အဲဒီကိစ္စအတွက် ပြင်သစ်နဲ့သာ ဆွေးနွေးသင့်တယ်လို့ ယူဆထားပါတယ်။ သူက NATOရဲ့ ဥရောပ နိုင်ငံတွေကို ပြင်သစ် နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ ကာကွယ်ပေးဖို့ အဆိုပြုထားတဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ရဲ့ ကမ်းလှမ်းချက်ကို အလေးထား စဉ်းစားသင့်ကြောင်း ပြောကြားထားပါတယ်။
ပြင်သစ်ဟာ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေထဲမှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ အမေရိကန် သမ္မတ ထရမ့်က ဥရောပ နိုင်ငံတွေ အနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင် တာဝန်ယူသင့်တယ်ဆိုတဲ့ သဘောထားကို လူသိရှင်ကြား ပြသလာတဲ့နောက် ပြင်သစ် သမ္မတ မာခရွန်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေနဲ့ ဥရောပကို အုပ်မိုး အကာအကွယ်ပေးနိုင်မယ့် အစီအစဉ်အပေါ် ကမ်းလှမ်း အဆိုပြုထားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Financial Times
