၂၀၂၅ ခုနှစ်ထဲမှာ ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ မြှင့်တင်သွားမယ်လို့ တရုတ် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီး အဓိကပြိုင်ဘက် တရုတ်အပေါ် ပိုမိုတင်းမာတဲ့ သဘောထားတွေ ပြသလာတဲ့ အခြေအနေမှာ တရုတ်က အခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ၇.၂ ရာခိုင်နှုန်း မြှင့်တင်မယ့် ကိစ္စကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးတဲ့ ပြဿနာမျိုးတွေနဲ့ ရုန်းကန်နေရတဲ့တိုင် နောက်ဆုံး ၃ နှစ်ဆက်တိုက် ကာကွယ်ရေး အသုံးစရိတ်ကို နှစ်စဉ် ၇.၂ ရာခိုင်နှုန်းဆီ ပုံမှန် တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၅ ရက်နေ့၊ တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်သစ် ကြေညာတဲ့ နေ့မှာပဲ တရုတ် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲအပါအဝင် ဘယ်လို ပုံစံမျိုးနဲ့ စစ်ပွဲတွေကိုမဆို ရင်ဆိုင်ဆင်နွှဲဖို့ အသင့်ရှိနေတယ်လို့ လူမှု ကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ အဲဒီ သဘောထား မှတ်ချက်ကို အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထပ်ဆင့် မျှဝေခဲ့တာကြောင့် လူအများ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement
လက်ရှိ အခြေအနေမှာတော့ တရုတ်ရဲ့ စစ်ရေး အသုံးစရိတ်ဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးအဖြစ် ရှိနေပါတယ်။ ဒါ့အပြင် သင်္ဘောအရေအတွက်အရ တရုတ်ဟာ အမေရိကန်ကို ကျော်ပြီး ကမ္ဘာ့ အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
အသစ်တိုးမြှင့်မယ့် ဆုံးဖြတ်ချက်အရ တရုတ်ရဲ့ အခုနှစ် ကာကွယ်ရေး အသုံးစရိတ်ဟာ ဒေါ်လာ ၂၄၉ ဘီလီယံလောက်ထိ မြင့်တက်လာမယ့် သဘောပါပဲ။ အဲဒီ ဆုံးဖြတ်ချက်ကို အမျိုးသား ပြည်သူ့လွှတ်တော် နှစ်ပတ်လည် အစည်းအဝေးမှာ အတည်ပြုချက် ရယူခဲ့ပါတယ်။
ကာကွယ်ရေး အသုံးစရိတ်ကို ဆက်တိုက် တိုးမြှင့်လာခဲ့ပေမယ့် နှစ်စဉ် နိုင်ငံရဲ့ GDPနဲ့ ယှဉ်ရင် ၁.၅ ရာခိုင်နှုန်း အောက်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ကြောင်း၊ ဒါဟာ ကမ္ဘာတလွှားက နိုင်ငံအများစု လက်ခံထားတဲ့ ယေဘုယျ အနေအထားနဲ့ ယှဉ်ရင် နည်းပါးနေဆဲဖြစ်ကြောင်း ညီလာခံရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လူကင်ကျန်းက ပြောပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ ဒေသတွင်း တင်းမာမှု ပြဿနာတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာကြီးရဲ့ စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ်ဟာ စံချိန်တင် ပမာဏအဖြစ် ဒေါ်လာ ၂.၄၃ ထရီလီယံထိ မြင့်တက်လာခဲ့တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ နှစ်ဉ် တရုတ်က အမှန်တကယ် အသုံးပြုတဲ့ ကာကွယ်ရေး စရိတ်ဟာ ကြေညာထားတာထက် ၄၀ ရာခိုင်နှုန်းလောက် ပိုများလေ့ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ဝယ်ယူမှုကို တရုတ် အစိုးရဟာ တခြား အကြောင်းအရာ ခေါင်းစဉ်တွေအောက်မှာ လုပ်ဆောင်လေ့ ရှိတာကြောင့် ဖြစ်ပါတယ်။
တရုတ်က အသစ်တိုးမြှင့်တဲ့ ကာကွယ်ရေး ဘတ်ဂျတ် အများစုဟာ စစ်ရေး နည်းပညာ အဆင့်မြှင့်တင်မှု ကဏ္ဍတွေမှာ သုံးစွဲနိုင်ဖို့ အဓိက ရည်ရွယ်ထားတာလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
တရုတ်ဟာ ထရမ့်လက်ထက် အမေရိကန်ရဲ့ ရန်လိုမှုတွေကို ကြုံနေရတဲ့အပြင် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံလို ကိစ္စမျိုးတွေ အတွက်လည်း အာရုံစိုက်ထားရပါတယ်။ တရုတ်ဟာ အင်အား ၂ သန်းလောက်ရှိတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားပြီး နောက်ပိုင်းနှစ်တွေမှာတော့ တပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေး မြှင့်တင်နိုင်ရေး လေ့ကျင့်တာတွေ၊ စစ်ရေး အသုံးအဆောင်တွေနဲ့ စစ်သည်တွေရဲ့ လူနေမှု ဘဝကို မြှင့်တင်ပေးတာတွေ၊ စစ်လက်နက်တွေကို ထိန်းသိမ်း အဆင့်မြှင့်မှုတွေ အပိုင်းမှာ ပိုမို အာရုံစိုက် လုပ်ဆောင်လာနေခဲ့ပါတယ်။
ကိုးကား CNA
