■ပြည်ပမှပြန်ပို့ခံရသူများကိုပါ စစ်သားသစ်စုဆောင်းနေ၍ ဖမ်းဆီးခံ မြန်မာများကို စစ်ကောင်စီထံ ပြန်မပို့ရန် အိမ်နီးချင်းနိုင်ငံများကို မေတ္တာရပ်ခံ
■NUG စတင်တာဝန်ယူချိန်က နယ်နိမိတ် ပိုင်းခြားသတ်မှတ်မှုကို ဆက်ခံထားပြီး နယ်မြေသတ်မှတ်ရေး အသွင်ကူးပြောင်းရေးကာလ၌ ပြည်သူ့ဆန္ဒနှင့်အညီ ညှိနှိုင်းမည်ဟု အသိပေး
ဟန်နွေ၊ရဲခေါင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ဝင်ရောက်ပြီး တပ်ရင်းအဖြစ် လျှောက်ထားသည့် တပ်ဖွဲ့များ ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

Public Service Announcement
NUG ကာကွယ်ရေး ဝန်ကြီး ကွပ်ကဲမှုအောက်မှ နှုတ်ထွက်ခဲ့သည့် တပ်ရင်းအချို့ ရှိ သလို ကွပ်ကဲမှုအောက် ဝင်ရောက်လိုသည့် တပ်ရင်းလျှောက်ထားသည့် တပ်ဖွဲ့များစွာလည်း ရှိနေမှုကြောင်း မတ်လ ၄ရက်က ကျင်းပသည့် လူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားမှု အစီအစဉ်၌ ထည့်သွင်း အသိပေး ပြောကြားခဲ့သည်။
NUG အနေဖြင့် အနေနဲ့ စစ်အုပ်စု၏ မတရားအုပ်စိုးမှုလက်အောက်ကတနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်ချက်တူ တော်လှန်ရေးအင်အားစုများအားလုံး နှင့် ပူးပေါင်းပြီးမဟာဗျူဟာမြောက် စစ်ရေးဖော်ဆောင်မှုများ ဆောင်ရွက်ရန် အားထုတ်လျက်ရှိရာတနိုင်ငံလုံးလွတ်မြောက်ရေးအတွက် လိုအပ်ချက်အရ တပ်ပြောင်းတပ်ရွှေ့ပြုလုပ်ရခြင်းများ ရှိကြောင်း၊ စစ်ရေးဖော်ဆောင်မှုအခြေအနေကိုလိုက်ပြီး လက်နက်တပ်ဆင်မှုများလည်းဆောင်ရွက်နေရကြောင်းဦးနေဘုန်းလတ်က ပြောသည်။
“ဒီလိုအခြေအနေမျိုးအပေါ် လိုက်ပါ ဆောင်ရွက်နိုင်ခြင်း မရှိလို့ဖြစ်စေ အခြားသော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Chain of Command အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိနေပါတယ်။ ဒီလိုပဲအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှု Chain of Command အောက်မှာ စစ်သည်တော်ကျင့်ဝတ် (Code of Conduct) တွေနဲ့အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိတဲ့တပ်ရင်းများစွာရှိနေသလိုကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်ကို ဝင်ရောက်လိုတဲ့အတွက် တပ်ရင်းလျှောက်ထားမှုတွေလည်း များစွာ ရှိနေတယ်ဆိုတာကို အသိပေးလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယောဒေသ)၊ ရှမ်းတောင်အခြေစိုက် အမှတ် ၁၀၀၅ နှင့် ၁၀၀၈ တပ်ရင်း အပါအဝင် တောင်ပိုင်းတိုင်းစစ်ဒေသမှ ဂဠုန်စစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်း တို့က NUG ကာ ကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ နှုတ်ထွက်ကြောင်း အဆိုပါတပ်ဖွဲ့များကအသိပေး ထုတ်ပြန်ထားသည်။
လက်ရှိနိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် အင်အား လျော့နည်းလာမှုကို ဖြည့်ဆည်းနိုင်ရန် အဓ္မမ စစ်သား စုဆောင်းမှုကို တရားလက်လွတ်လုပ်ဆောင်လျက်ရှိကြောင်းလည်း၎င်းကဆက် ပြောကြားခဲ့သည်။
“တွေ့ရှိချက်တွေအရ တစ်နှစ်အတွင်း အပတ်စဉ် (၁၀) ခု နီးပါး အဓမ္မစုဆောင်းခဲ့တဲ့အပြင် ပေါ်တာဆွဲခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ပြန်ပို့သူတွေကို အဓမ္မစစ်သားစုဆောင်းခြင်း၊ အမျိုးသမီးတွေကိုပါ အဓမ္မစစ်သားစုဆောင်းဖို့ စတင်လာခြင်း၊ အကျဉ်းထောင်တွေက လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းခြင်း၊ လူငယ်တွေရဲ့ နိုင်ငံတကာထွက်ခွာမှုကို ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ရောက်ရှိနေသူတွေကို လက်ပါးစေ သံရုံးတွေကတဆင့် အကျပ်ကိုင်ပြီး တိုင်းပြည်အတွင်း ပြန်လည် ဝင်ရောက်ကာ အဓမ္မစစ်မှုထမ်းစေရန် ကြိုးစားခြင်းစတဲ့ လုပ်ရပ်တွေကို လုပ်ကိုင်ဆောင်ရွက် နေတာတွေ့ရပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
စစ်ကောင်စီအနေဖြင့် အဓမ္မစစ်သားစုဆောင်းထားသူများအား လအနည်းငယ်ခန့် စစ်သင်တန်းတက်စေပြီး ချက်ချင်းဆိုသလို ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ကာ လူသားဒိုင်းသဖွယ်အသုံးပြုလျက်ရှိနေကြောင်းလည်း ပြောသည်။
“ဒီကိစ္စဟာ နိုင်ငံနဲ့ချီပြီး ကျူးလွန်နေတဲ့ အဓမ္မအလုပ်စေခိုင်းမှု(Forced Labor)၊ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်တွေဖြစ်တာကြောင့် နိုင်ငံတကာက လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
အိမ်နီးချင်းနိုင်ငံများက အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို စစ်ကောင်စီလက်သို့ ပြန်လည်အပ်နှံခြင်းသည် သေတွင်းထဲ ပြန်ပို့သည့် သဘောဆောင်နေကြောင်းလည်းပြောသည်။
ထို့ကြောင့် နိုင်ငံအလိုက်ထုတ်ပြန်ထားကြသည့် “မိခင်နိုင်ငံသို့ပြန်ပို့ခံရချိန်တွင် အသက်အန္တရာယ် ကျရောက်နိုင်လျှင် ပြန်ပို့ခြင်းကိုတားမြစ်သည့် ဥပဒေ၊ ညွှန်ကြားချက်များ” နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကူညီစောင့်ရှောက် ပေးကြရန် မေတ္တာရပ်ခံသည်။
“ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံရပ်ခြားကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ သက်ဆိုင်ရာနိုင်ငံအလိုက် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုတွေ စံနှုန်းတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။” ဟု ဦးနေဘုန်းလတ်က ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အဓမ္မစစ်သားစုဆောင်းမှုဒဏ်ကို ခံနေရသည့် လူငယ်ထုကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် တတ်စွမ်းသမျှ ကူညီဆောင်ရွက်လျက်ရှိသကဲ့သို့ အဓမ္မစစ်သားစုဆောင်းခံရပြီးနောက် တနည်းနည်းဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလာသူ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို ကြိုဆိုလက်ခံလျက်ရှိသည်ဟု ပြောသည်။
NUG လက်အောက်ရှိတပ်ရင်း၊တပ်ဖွဲ့များ ထံသို့ စစ်သားနှင့်ရဲ များက လာရောက်၍ ပြည်သူ့ရင်ခွင်ခိုလှုံသူများမှာ ၂၀၂၅ ဇန်နဝါရီလတွင် ၁၃၆ ဦး ၊ဖေဖော်ဝါရီ လတွင် ၆၄ ဦးရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ထိုအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အလင်းဝင်သူ ၊လက်နက်ချသူများမှာလည်း အများအပြားရှိနေသည်။
ထို့အပြင်မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်မည့် နည်းလမ်းကိုလည်း ဦးနေဘုန်းလတ်က ရှင်းလင်းပြောကြားခဲ့သည်။NUG အနေဖြင့် စတင်တာဝန်ယူသည့် အချိန်ကာလတွင် ရှိနေသော နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကို ဆက်ခံကာ တာဝန်ယူဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။
“ကျွန်ုပ်တို့သည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကိစ္စရပ်များကို အသွင်ကူးပြောင်းရေးကာလရောက်ရှိသည့်အခါ ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ မည်သည့် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အဓိကသက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်။ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်။” ဟု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့က ထုတ်ပြန်ခဲ့သောပူးတွဲကြေညာချက် ထပ်လောင်း အသိပေးသည်။
ဖေဖော်ဝါရီ ၃ရက်တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ တို့ ပူးတွဲပြီး နိုင်ငံရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်များကို ထုတ်ပြန်ကြေညာထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် အစိတ်အပိုင်း (၁) ၊ အခန်း (၃) ပါ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အပိုဒ် (၈) အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတခုအနေဖြင့် ရည်ရွယ်ချက်တူ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်အသွင်ကူး
ပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA-Article of Federal Transitional Arrangements)ကိုစုပေါင်းရေးဆွဲနေသည်ဟုလည်း ဦးနေဘုန်းလတ်ကပြောသည်။
“တော်လှန်ရေးအင်အားစုတွေအကြား တူညီတဲ့ ဘုံသဘောထားတွေ ရရှိပြီး ညီညွတ်မှုအင်အားတခုကို ထုနဲ့ထည်နဲ့ တည်ဆောက်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားခဲ့သလို AFTA ရေးဆွဲရေးလုပ်ငန်းစဉ်မှာလည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
