အမေရိကန် ပြည်သူတွေအတွက် ကျန်းမာရေး ထောက်ပံ့မှုဆိုင်ရာ အသုံးစရိတ်တစ်ခု ဖြတ်တောက်မယ့် ထရမ့်ရဲ့ လွှတ်တော် မိန့်ခွန်းကို ကြားဖြတ် နှောင့်ယှက်ခဲ့လို့ နှင်ထုတ်ခံရတဲ့ အောက်လွှတ်တော် အမတ်က သူ့လုပ်ရပ်အပေါ် အပြည့်အဝ ယုံကြည်တယ်လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ်ဖြစ်သူ အယ်လ်ဂရင်းဟာ ထရမ့်က Medicaid အသုံးစရိတ် သတ်မှတ်ရေးနဲ့ ပတ်သက်လို့ လွှတ်တော် မိန့်ခွန်း ပြောချိန်မှာ ကြားဖြတ် နှောင့်ယှက်ခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် နှစ်ပေါင်း အတော်ကြာ ကာလအတွင်း အောက်လွှတ်တော်ထဲမှာ အမတ်တစ်ဦးကို ထွက်ခွာဖို့ လုံခြုံရေး အရာရှိတွေက လာရောက် ခေါ်ဆောင်သွားတာကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရပါတယ်။
Medicaidဟာ သန်းပေါင်းများစွာသော အမေရိကန် နိုင်ငံသားတွေ၊ အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုးပေးနိုင်အောင် ရည်ရွယ်ထားတဲ့ အစီအမံ တစ်ခုပါ။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ထရမ့်နဲ့ ရီပတ်ဘလစ်ကန်တွေဟာ ဘတ်ဂျတ်အသစ်မှာ အဲဒီ အစီအမံအတွက် အသုံးစရိတ်တွေကို လွန်လွန်ကဲကဲ ဖြတ်တောက်ဖို့ စီစဉ်နေကြောင်း စွပ်စွဲထားပါတယ်။
ထရမ့်က သူဟာ ၂၀၂၄ ရွေးကောက်ပွဲ အောင်ပွဲရခဲ့တာကို ရည်ညွှန်းပြီး ပြည်သူလူထု အခွင့်အာဏာ အပ်နှင်းမှုအကြောင်း မိန့်ခွန်းထဲ ထည့်ပြောချိန်မှာ ဂရင်းက ထရမ့်မှာ Medicaid အသုံးစရိတ် ဖြတ်တောက်ဖို့ အပ်နှင်းခံထားရတဲ့ အခွင့်အာဏာ မရှိဘူးလို့ ကြားဖြတ် ပြောခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ်တွေက ဂရင်းရဲ့ စကားသံတွေကို ဖုံးသွားအောင် ယူအက်စ်အေ၊ ယူအက်စ်အေလို့ သံပြိုင် ကြွေးကြော်ခဲ့ကြသလို ထရမ့်ရဲ့ နောက်မှာ ရပ်နေခဲ့တဲ့ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ဂရင်းကို ခေါ်ထုတ်သွားဖို့ လုံခြုံရေး အရာရှိတွေကို အမူအယာ ပြသခဲ့သလို အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆန်က ဂရင်းကို ခန်းမထဲက ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက် အရာရှိတွေက ဂရင်းကို ခေါ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် ဂရင်းက ‘မင်းမှာ လုပ်ပိုင်ခွင့် မရှိဘူး’ဆိုပြီး ထရမ့်ကို တစ်ခွန်း လှမ်းပြောခဲ့ပါသေးတယ်။ ခန်းမအပြင်ဖက်ကို ဂရင်းရောက်ရှိသွားချိန်ကျမှ ထရမ့်ရဲ့ မိန့်ခွန်းကို ဆက်ပြီး ပြောခဲ့ရပါတယ်။
ဂရင်းကတော့ အခုလိုမျိုး နှင်ထုတ်တာ ခံခဲ့ရပေမယ့် တန်တယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ တက္ကဆက်စ် ပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော် အမတ်က ထရမ့်တစ်ယောက် လုပ်ချင်ရာ လုပ်နေတာကို ဖီဆန်ရဲတဲ့သူတွေ ရှိနေဆဲ ဆိုတာကို ပြည်သူတွေ သိမြင်အောင် ပြသဖို့ လိုတယ်လို့လည်း ဆက်ပြောပါတယ်။
ဂရင်းဟာ မကြာသေးခင်ကလည်း ထရမ့်ကို တရားဝင် စွပ်စွဲ ပြစ်တင်မှု အဆိုတစ်ခု တင်သွင်းနိုင်ရေး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပြီး လက်ရှိ အချိန်ထိတော့ လွှတ်တော်ထဲမှာ ထောက်ခံမှုတွေ မရသေးပါဘူး။
အမေရိကန်မှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတ ဂျိုးဘိုင်ဒန် တာဝန်ယူနေခဲ့တဲ့ ကာလတွေအတွင်း လွှတ်တော် မိန့်ခွန်း ပြောချိန်တွေမှာ ရီပတ်ဘလစ်ကန် အမတ်တွေဖြစ်တဲ့ မာဂျိုရီ တေလာ ဂရင်းနဲ့ လော်ရန် ဘီဘာတိုတို့က မကြာခဏ ကြားဖြတ် အနှောင့်အယှက် ပေးတာတွေ ရှိခဲ့ဖူးပေမယ့် လွှတ်တော် ခန်းမထဲကနေ ဖယ်ရှားခံရတဲ့ အထိတော့ အရေးယူ မခံခဲ့ရပါဘူး။
ကိုးကား: Business Insider
