အမေရိကန်က သိသိသာသာ ကျောခိုင်းလာချိန်မှာ ဥရောပရဲ့ လုံခြုံရေး စွမ်းရည်ကို မြှင့်တင်နိုင်ရေးအတွက် ပြင်သစ်က ဦးဆောင်ဦးရွက် ရပ်တည်ဖို့ လိုလားကြောင်း သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။
မတ်လ ၅ ရက်နေ့တုန်းက ပြင်သစ်ပြည်သူတွေကို လိပ်မူတဲ့ မိန့်ခွန်းထဲမှာ ပြင်သစ်ဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက် စွမ်းရည်ကို ဥရောပ မဟာမိတ် နိုင်ငံတွေအတွက် အာမခံချက် ပေးနိုင်ဖို့ပါ ကမ်းလှမ်းသွားလိုကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် ဦးဆောင်တဲ့ အစိုးရက မဟာမိတ် ဥရောပရဲ့ လုံခြုံရေးကို အာမခံချက် မပေးတော့တဲ့နောက် ရုရှားဟာ ဥရောပတိုက်အတွက် အမှန်တကယ် စိုးရိမ်ရမယ့် ခြိမ်းခြောက်မှုကြီး ဖြစ်လာနေပြီလို့ မာခရွန်က သတိပေးသွားခဲ့ပါတယ်။
သူ့ရဲ့ မိန့်ခွန်း အနှစ်ချုပ်ကို ကြည့်မယ်ဆိုရင် ဥရောပ နိုင်ငံတွေ စစ်လက်နက် တပ်ဆင်မှုတွေ အရှိန်အဟုန် မြှင့်တင်ဖို့ကို ပြင်သစ်နဲ့ ဗြိတိန်က ဦးဆောင်သွားဖို့၊ ယူကရိန်းကို ဆက်လက် အကူအညီ ပေးဖို့၊ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး အားထုတ်မှုတွေကို ကြိုဆိုပေမယ့် ဥရောပရဲ့ လုံခြုံရေးကို အာမခံချက် မပေးနိုင်တဲ့ ဘယ်လို သဘောတူညီမှုကိုမဆို ပယ်ချဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ ပြင်သစ်ရဲ့ နျူကလီးယား လက်နက်တွေကို ဥရောပ မဟာမိတ် နိုင်ငံတွေမှာ ဖြန့်ကျက်သွားဖို့ ဆိုတာနဲ့ ပတ်သက်တဲ့ အကျေအလည် ဆွေးနွေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ မာခရွန်က ပြောပါတယ်။

Public Service Announcement
ရုရှားဟာ ယူကရိန်း ကျူးကျော်စစ်ကို ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခကြီး ဖြစ်လာအောင် လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း၊ စစ်ပွဲအတွက် မြောက်ကိုရီးယား စစ်သားတွေကို ခေါ်သွင်းခဲ့သလို အီရန်ရဲ့ စစ်လက်နက်တွေကိုလည်း ဥရောပမြေမှာ အသုံးချခဲ့ကြောင်း၊ တပြိုင်တည်းမှာပဲ အဲဒီနှစ်နိုင်ငံကိုလည်း လက်နက် တပ်ဆင်မှု အရှိန်မြှင့်ဖို့ ရုရှားက အထောက်အကူ ပေးခဲ့ကြောင်း မာခရွန်က ဆိုပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဥရောပ နိုင်ငံတွေရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ထိပါးချိုးဖောက်ပြီး နိုင်ငံပိုင်နက်တွေထဲမှာ အတိုက်အခံတွေကို လုပ်ကြံတာတွေ၊ ရိုမေးနီးယားနဲ့ မော်လ်ဒိုဗာ ရွေးကောက်ပွဲတွေမှာ ခြယ်လှယ် နှောင့်ယှက်တာတွေ၊ ဥရောပ နိုင်ငံတွေရဲ့ ဆေးရုံတွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေ ကျူးလွန်ပြီး လုပ်ငန်းတွေ လည်ပတ်မှုကို ဒုက္ခပေးတာတွေ ကျူးလွန်ခဲ့ကြောင်း၊ ဒါ့အပြင် ရုရှားဟာ လူမှုကွန်ရက်တွေကနေ မုသားတွေ ဖြန့်ဝေပြီး ဥရောပရဲ့ အတွေးအမြင်ကို လှည့်စား ပုံဖျက်ဖို့တွေလည်း ကြိုးစားခဲ့ကြောင်း၊ အဲဒီ လုပ်ရပ်တွေဟာ လက်တွေ့အားဖြင့် ဥရောပရဲ့ သည်းခံနိုင်မှုကို အစွမ်းကုန် စမ်းသပ်နေတာ ဖြစ်ကြောင်း၊ ရုရှားရဲ့ ရန်လိုမှုတွေဟာ လေထဲမှာ၊ ပင်လယ်ပြင်မှာ၊ အာကာသထဲမှာ၊ ယုတ်စွအဆုံး ဥရောပ နိုင်ငံတွေမှာ အသုံးပြုနေတဲ့ ကွန်ပျူတာ screenတွေ နောက်မှာပါ ရှိနေကြောင်း မာခရွန်က ပြောပါတယ်။
သူက အမေရိကန်ဟာ ဥရောပနဲ့အတူ လက်တွဲ ရပ်တည်ပေးမယ်လို့ ယုံကြည်ချင်ကြောင်း၊ ဒါပေမဲ့ အဲဒီလို ဖြစ်မလာရင်လည်း ဥရောပက ကိုယ်တိုင် အသင့်ဖြစ်နေဖို့ လိုကြောင်း၊ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ရင် ဥရောပ နိုင်ငံတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပိုပြီး အားကောင်းကောင်း ပြင်ဆင်ထားပြီး ဘယ်လို ရန်လိုမှု ပုံစံကိုမဆို တုံ့ပြန်နိုင်ဖို့လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
သူက ပြင်သစ်ဟာ လက်ရှိ ကာကွယ်ရေး အသုံးစရိတ်ကို GDPရဲ့ ၂.၁ ရာခိုင်နှုန်း သုံးစွဲနေရာက ၅ နှစ်အတွင်း ၃.၅ ရာခိုင်နှုန်းထိ မြှင့်တင်ဖို့၊ အဲဒီ ရည်ရွယ်ချက်အတွက် အခွန်တွေ တိုးကောက်တာမျိုး မဟုတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကနေ ချဉ်းကပ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဥရောပရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ဟာ ယူကရိန်း စစ်ပွဲမှာ ရပ်တည်ချက် ပြောင်းသွားကြောင်း၊ ယူကရိန်းကို ထောက်ပံ့မှုတွေ လျှော့ချလိုက်ပြီး နောက်ထပ် ဘာတွေ ကြုံလာမလဲ ဆိုတာကလည်း မရေမရာတွေ ဖြစ်လာကြောင်း၊ ဒီအခြေအနေအရ ခေတ်အပြောင်းအလဲ တစ်ခုဆီ စတင် ချဉ်းနင်း ဝင်ရောက်နေပြီလို့ ဆိုနိုင်ကြောင်း မာခရွန်က ဆက်ပြောပါတယ်။
သူက ဥရောပ နိုင်ငံတွေ အနေနဲ့ မနက်ဖြန်အတွက် ဖြေရှင်းမှုတွေဟာ မနေ့က အကျင့်ဟောင်းတွေ ဖြစ်မနေဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ ရှင်သန် ဖြတ်သန်းဖို့အတွက် ရုရှားကို မဆိုထားနဲ့၊ အမေရိကန်နဲ့တောင် ယှဉ်ပြိုင် ရပ်တည်နိုင်တဲ့ စီးပွားရေး အင်အား၊ ဩဇာနဲ့ အရည်အချင်းတွေ ဥရောပမှာ ပိုင်ဆိုင်ထားကြောင်း၊ အရေးကြီးတာက ဥရောပ နိုင်ငံတွေဟာ စိတ်တူကိုယ်တူ ရပ်တည်ရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေး စိတ်အားထက်ထက်သန်သန် ကြိုးစားကြဖို့ ဖြစ်ကြောင်း မာခရွန်က တိုက်တွန်းခဲ့ပါတယ်။
အခြေအနေတွေအရ လက်ရှိ မျိုးဆက်ဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို ဆက်လက် ခံစားရဖို့ အခွင့်အရေး မရှိနိုင်တော့ကြောင်း၊ ဒါပေမဲ့ လက်ရှိ အချိန်မှာ ချမှတ်မယ့် စိတ်ပိုင်းဖြတ်မှုတွေရဲ့ အကျိုးရလဒ်ကို နောက်မျိုးဆက်တွေ ကောင်းကောင်းမွန်မွန် ခံစားခွင့်ရတာ သေချာစေဖို့တော့ ကြိုးစားပေးသင့်ကြောင်းလည်း မာခရွန်က ပြောကြားသွားပါတယ်။
မတ်လ ၆ ရက်နေ့မှာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြိုမှာ ကျင်းပပြီး ဥရောပ သမဂ္ဂ အဖွဲဝင် နိုင်ငံတွေ တက်ရောက်ကြမယ့် ကာကွယ်ရေး မူဝါဒ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တစ်ရက်အလိုမှာ မာခရွန်ဟာ သူ့အစိုးရရဲ့ သဘောထားကို ရှည်ရှည်လျားလျား မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးလည်း တက်ရောက်မယ်လို သိရပါတယ်။
ကိုးကား: EuroNews
