မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကြီးမားတဲ့ အကျပ်အတည်းတွေကြား ရုန်းကန်နေရတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေ၊ သူတို့ကို လက်ခံ ကူညီထားသူတွေအတွက် လူသားချင်း စာနာမှု ရန်ပုံငွေ ယူရို ၇၆ သန်း ခွဲတမ်းသတ်မှတ် ထောက်ပံ့သွားမယ်လို့ ဥရောပ ကော်မရှင်က ကြေညာခဲ့ပါတယ်။
မတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ အဲဒီ ငွေကြေးထဲက ယူရို ၃၂.၃ သန်းဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်ရှိ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်လို့ ဥရောပ ကော်မရှင်က သတ်မှတ်ထားတာ တွေ့ရပါတယ်။ ယူရို ၃၃ သန်းကတော့ လက်ရှိ စစ်ရေး ပဋိပက္ခတွေကြောင့် ရုန်းကန်နေရတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းတွေအတွက်ဖြစ်ပြီး ကျန်တဲ့ ယူရို ၁၀.၈ သန်းဟာ ပြည်ပရောက် စစ်ရှောင် ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံကူညီပေးနေတဲ့ နိုင်ငံတွေအတွက်ပါ။
ဥရောပ ကော်မရှင်ရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ အကျပ်အတည်း စီမံခန့်ခွဲမှု ကော်မရှင်နာ ဟက်ဒ်ဂျာ လာဟ်ဘစ်ဘ်ဟာ မတ်လ ၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့ပြီး ကော့စ်ဘဇား မြို့မှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သလို လူသားချင်း စာနာမှု ကဏ္ဍအတွက် လက်တွဲ အလုပ်လုပ်နေတဲ့ အေဂျင်စီတွေ၊ ဘင်္ဂလားဒေ့ရှ် အရာရှိတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေဆဲ စစ်ရေး ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေ ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးဟာ လတ်တလော လက်တွေ့ မကျသေးဘဲ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက စစ်တပ် အာဏာသိမ်းပြီးခဲ့ချိန် ကတည်းက ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့ပြီး လူပေါင်း ၃ သန်းခွဲလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို လူပေါင်း သန်း ၂၀ လောက်ထိ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။

Public Service Announcement
ဥရောပ ကော်မရှင်က မြန်မာအတွက် လျာထား ထောက်ပံ့မယ့် ယူရို ၃၃ သန်းဟာ စားနပ်ရိက္ခာ အကူအညီ၊ အရေးပေါ် အာဟာရ ဖြည့်တင်းရေး၊ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်း၊ လူ့အဖွဲ့အစည်းတွေအတွင်း သောက်သုံးရေသန့် ရရှိရေးနဲ့ တခြား လိုအပ်ချက်တွေကို အကူအညီပေးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီထဲမှာ မြေမြှုပ်မိုင်းဆိုင်ရာ အသိပညာပေးမှုတွေ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအမံတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ ဆိုင်ကလုန်း မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေဒဏ်ကို ထိခိုက်ခံစားရမှု ပိုမို မြင့်မားတတ်တဲ့ အခြေအနေ ရှိနေတာကြောင့်ပါ။
ထောက်ပံ့ကြေး ရန်ပုံငွေ ခွဲတမ်းတွေထဲမှာတော့ ယူရို ၃.၅ သန်းကို အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းမှာရှိတဲ့ ဒုက္ခသည်တွေ၊ သူတို့ကို လက်ခံထားတဲ့ အသိုက်အဝန်းတွေဆီ ခွဲဝေပေးသွားမယ်လို့လည်း သိရပါတယ်။
ကိုးကား: European Interest
