အမေရိကန်က လက်နက် ထောက်ပံ့မှုတွေ ရပ်တန့်လိုက်ရင်တောင် ဂါဇာစစ်ပွဲကို ကိုယ်စွမ်းကိုယ်စနဲ့ ဆက်တိုက်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။
အစ္စရေးရဲ့ အဓိက စစ်မဟာမိတ် အမေရိကန် နိုင်ငံရဲ့ သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေး စစ်တပ်ရဲ့ ဂါဇာတောင်ပိုင်း၊ ရာဖားဟ်မြို့ကို ထိုးစစ်ဆင်ဖို့ စီစဉ်နေတာကို ဆန့်ကျင်တဲ့ အနေနဲ့ အစ္စရေးအတွက် စစ်လက်နက်တချို့ ထောက်ပံ့နေမှုတွေကို ရပ်ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။
ဘိုင်ဒန်က ပေါက်ကွဲအား ပြင်းထန်တဲ့ အကြီးစားဗုံးနဲ့ လက်နက်ကြီး ကျည်ဆန်တွေ အစ္စရေးဆီ ပေးပို့မှုကို ဆိုင်းငံ့ထားစေခဲ့ပြီး လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေနဲ့ တခြားသော ခံစစ်အားပြု စစ်လက်နက်တွေကိုတော့ ဆက်လက် ပို့ဆောင်ပေးနေမယ်လို့ အတည်ပြုခဲ့ပါတယ်။
အရပ်သား အများအပြား ပိတ်မိနေနိုင်တဲ့ ရာဖားဟ်ကို ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် အစိုးရနဲ့ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိခဲ့ပါတယ်။ ဘိုင်ဒန်က စစ်လက်နက်တွေ ထောက်ပံ့မှု လျှော့ချ ကန့်သတ်ဖို့ ပြင်ဆင်လာပေမယ့် နေတန်ညာဟုကတော့ အစ္စရေးဟာ တစ်ကိုယ်တော်ပဲ ရပ်တည်ရတော့မယ် ဆိုရင်တောင် နောက်တွန့်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Public Service Announcement
တစ်နည်းအားဖြင့်တော့ အမေရိကန်က ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ အစ္စရေးက ရာဖားဟ် ထိုးစစ်ကို ဆက်အကောင်အထည် ဖော်မယ်ဆိုတဲ့ သဘောမျိုး နေတန်ညာဟုက ပြသပြီး ဘိုင်ဒန်ရဲ့ ဖိအားပေးမှုကို တိုက်ရိုက် ဖီဆန်လိုက်တာ ဖြစ်ပါတယ်။
နေတန်ညာဟုက ဘိုင်ဒန်ကို တိုက်ရိုက်ရည်ညွှန်းတဲ့ ဘာမှတ်ချက်မှ မပေးခဲ့ပေမယ့် ၁၉၄၈ ခုနှစ်၊ နိုင်ငံလွတ်လပ်ရေး ကြေညာပြီးချိန် ကတည်းက အစ္စရေးဟာ ရန်သူတွေ အများကြီးကို တစ်နိုင်ငံတည်း ခံတိုက်လာတဲ့ သမိုင်းကြောင်းတွေ ရှိနှင့်ပြီးသားလို့ ပြောပါတယ်။
မျက်မှောက်ကာလ အစ္စရေးကတော့ ပိုပြီးတော့တောင် တောင့်တင်း အားကောင်းနေပြီ ဖြစ်ကြောင်း၊ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် အစ္စရေးဟာ စည်းစည်းလုံးလုံး ရပ်တည်ရင်း ရန်သူတွေကို ချေမှုန်းပစ်မှာဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့ စောင်မမှု၊ အစ္စရေး ပြည်သူတွေရဲ့ စိတ်ဓာတ် ပြင်းပြမှုတွေနဲ့အတူ အောင်မြင်မှုတွေကို ကျိန်းသေ ရယူသွားမှာ ဖြစ်ကြောင်း နေတန်ညာဟုက ကြုံးဝါးသွားပါတယ်။
အစ္စရေး စစ်တပ် (IDF)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဟာဂါရီကလည်း အမေရိကန်ဆီက စစ်လက်နက် အထောက်အပံ့တွေ ရပ်ဆိုင်းထားရင်တောင်မှ ရာဖားဟ်ထိုးစစ်အတွက် စစ်လက်နက် ရင်းမြစ် အလုံအလောက် ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
Ref: Straits Times
