စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကို စစ်တပ်မီးရှို့သတ်ဖြတ်
မတ်-၁၁၊ ၂၀၂၆။ ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ စိတ်ဝေဒနာရှင် အမျိုးသမီးကို မီးရှို့သတ်ဖြတ်ကာ ကျေးရွာအတွင်းက ပစ္စည်းတွေ လုယူသွားတဲ့ စစ်တပ်နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ တိုက်ပွဲပြင်းထန် နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
သစ်ဆိမ့်ရွာကို တပ်စွဲထားတဲ့ စစ်တပ်ဟာ မတ်လ ၁၀ ရက် မနေ့က ငါးပတ်ချောင်းရွာကို ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ကျေးရွာထဲမှာ စိတ်ဝေဒနာရှင် အသက် ၅၀ ကျော် အမျိုးသမီးဒေါ်ဗိန်မကို မီးရှို့သတ်ဖြတ်ခဲ့ပြီး စားနပ်ရိက္ခာနဲ့ နွားတစ်ကောင်ယူကာ သစ်ဆိမ့်ရွာဘက်ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ တောင်ဘက်ထွက်တဲ့ ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တော်လှန်ရေး အဖွဲ့တွေက ကာထားတယ်။ တောလမ်းကနေ ငါးပတ်ချောင်းရွာထဲကို ရောက်သွားတာ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ အဲဒီစစ်ကြောင်းကပဲ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ထပ်မံကြိုးစားလာတာမို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
“ ဟောင်ဝစ်ဆာတွေလည်းပစ်တယ်။ ဒရုန်းတွေလည်းချတယ်။ ဒီနေ့မနက်တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဧရာဝတီမြစ်တဖက်ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီရဲ့ ခလရ-၁၂ကလည်း လက်နက်ကြီးနဲ့ ဒရုန်းပစ်ကူတွေပေးနေတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ သစ်ဆိမ့်ကို ဖေဖော်ဝါရီ ၁၁ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ပြီး လက်ရှိအထိ တိုက်ပွဲဖြစ်ပွားတာ တစ်လရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

















































