close
Connect with us

Hi, what are you looking for?

သတင်း

သဘာ၀ဘေးနှင့် စစ်အုပ်စုရက်စက်ယုတ်မာမှုဘေးကို ရင်ဆိုင်ကျော်လွှားပြီး လူထုအတွက် အောင်ပွဲ နှစ်သစ်ဖြစ်အောင် အတူတည်ဆောက်ရမည်ဟု ယာယီသမ္မတပြော

စစ်အုပ်စုက သဘာ၀ဘေးကြုံရချိန် တရားဝင်မှုရရေးနှင့် နိုင်ငံရေးအရ အသုံးချနေမှုကို သတိရှိရန် အာဆီယံနှင့် နိုင်ငံတကာကို သတိပေး

ဧပြီ ၁၇၊၂၀၂၅။ဟန်နွေ/People’s Spring

ယခု ၂၀၂၅ ခုနှစ်သည် ပြည်သူလူထုအတွက် တော်လှန်ရေးအပြီးသတ်အောင်ပွဲ အလင်းရောင်ကို ယူဆောင်နိုင်မည့် နှစ်ဖြစ်စေရေးအတွက် တော်လှန်ရေးအင်အားစုတွေ အားလုံးဆထက်ထမ်းပိုးကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပြီး သဘာ၀ဘေးနှင့် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကို အတူရင်ဆိုင်ကျော်လွှားကြရမည်ဟု ပြောကြားခဲ့သည်။

မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဖြစ်သည့် ယနေ့(ဧပြီ ၁၇ ရက်)တွင် ယာယီသမ္မတက ပြည်သူများထံ နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားခဲ့ရာ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် မတ်လ ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးကြောင့် အသက်ဆုံးရှုံး အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ပျက်စီးခဲ့ရသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ ယုတ်မာရက်စက်သည့် လုပ်ရပ်များ ဆက်လက် ကြုံနေရပြီး ဘေးဒုက္ခများ တပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ရကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ငလျင်ဘေးကို စစ်အုပ်စုက နိုင်ငံရေးအရ အသုံးချဆောင်ရွက်နေသကဲ့သို့ လူသားစာနာမှု အကူအညီများကို လက်နက်သဖွယ်ကိုင်စွဲအသုံးချနေကြောင်း ယာယီသမ္မတက ပြောသည်။

“ကျနော်တို့ လူထု ထိခိုက်ခံစားရမှုကို အကြမ်းဖက်စစ်အုပ်စုက ထပ်မံ အသုံးချခွင့်ရသွားတာကတော့ စိတ်မကောင်းစရာကောင်းပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နိုင်ငံတကာက ပေးအပ်သည့် လူသားစာနာမှု အကူအညီများသည် လိုအပ်နေသည့် လူထု လက်ထဲ တိုက်ရိုက်ရောက်ရှိရမည်ဟု ၎င်းက ဆိုသည်။

“လူထုကို ဘေးဒုက္ခ အန္တရာယ်မျိုးစုံ ကျရောက်အောင်လုပ်နေတဲ့ အကြမ်းဖက်စစ်တပ်လက်ထဲ လူသားစာနာမှု အကူအညီ၊ အုပ်စုကိုယ်ကျိုးအတွက် အသုံးချဖို့ ဘယ်လိုနည်းနဲ့မှ ရောက်မသွားရဘူးဆိုတာ ရှင်းရှင်းပဲ ပြောကြားချင်ပါတယ်။ လူသားစာနာမှု အကူအညီဆိုတာ ကန့်သတ်ထိန်းချုပ်ရမယ့် အခွင့်ထူးခံစားခွင့်မဟုတ်ပါဘူး။ လူသားစာနာမှု အကူအညီဆိုတာ ဒုက္ခရောက်လူထုကို ရကို ရရမယ့် အခြေခံ အခွင့်အရေးဖြစ်ပါတယ်။ လူသားစာနာမှု အကူအညီတွေကို ကိုယ်ကျိုးအတွက် အသုံးချတာမျိုး မဖြစ်စေဘဲ ဘေးဒဏ်သင့် လူထုတရပ်လုံးဆီမှာ မျှမျှတတနဲ့ အလျင်အမြန်ရောက်သွားစေဖို့ ပြည်တွင်း လူမှု အဝန်းအဝိုင်း နိုင်ငံတကာက မိတ်ဆွေတွေနဲ့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးလက်နက်သဖွယ် ချုပ်ကိုင်အသုံးချနေခြင်းကို ကျော်လွှားရန် လူထုကို ထပ်မံ အသုံးချခြင်းမျိုး မဖြစ်စေရေး အာဆီယံနှင့် နိုင်ငံတကာကို သတိပေး တောင်းဆိုနေကြောင်း ပြောပြသည်။

“တိုင်းပြည်က ငလျင်ဘေးဒဏ်ကြီးကို ကြုံတွေ့ခံစားနေရချိန်မှာ ပြည်သူအချင်းချင်း ကူညီဖေးမကြချိန်မှာ နိုင်ငံတကာ မိတ်ဆွေများက လူ၊ နည်းပညာနဲ့ စာနာမှု အကူအညီ အထောက်အပံ့တွေနဲ့ စိတ်ရင်းဖြင့် ကူညီနေကြချိန်မှာ အကြမ်းဖက် စစ်ကောင်စီ ကတော့ သူ့အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်တွေ့နေရပါတယ်။” ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့အပြင် တိုင်းပြည် ငလျင်ဘေးဒဏ် ကြုံတွေ့ခံစားနေချိန်၌ပင် လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိဟု ပြောသည်။

“ဒါက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဒုက္ခပေါ် ဒုက္ခ အထပ်ထပ် ပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူဖြည့်တင်းထားတဲ့အရင်းအမြစ်တွေကို ပြည်သူလူထု ဘေးဒုက္ခ ရောက် ကယ်တင်ရေးမှာ အသုံးပြုရမယ့်အစား စစ်ကောင်စီကတော့ ပြည်သူလူထုကို သတ်ဖြတ်ဖို့အတွက် အသုံးပြုနေတာကို ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်ဖို့ လိုအပ်ပါတယ်”ဟု ယာယီသမ္မတ က ပြောကြားသည်။

စစ်အုပ်စု တရားဝင်မှုရရှိရေး အခွင့်အခါကောင်းရပြီဟုဆိုကာ တိုင်းပြည်ဘေးဒုက္ခကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန် ကြိုးပမ်းမှုများကို သတိရှိရန်လည်း ထပ်မံ ပြောကြားသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုအသီးသီး၏ စွမ်းဆောင်ရည်များနှင့် ပြည်သူများ၏ အားပေးထောက်ခံမှုများကြောင့် စစ်ကောင်စီအနေဖြင့် အကြီးမားဆုံး ဆုံးရှုံးမှုများ ရင်ဆိုင်ကြုံနေရပြီဟုလည်း မိန့်ခွန်း၌ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောကြားသည်။

“နိုင်ငံတဝန်း မှာ စစ်ကောင်စီ ထိန်းချုပ်နိုင်မှုက လေးပုံတပုံတောင် မရှိတော့ဘူးဆိုတာကို မြေပြင်အချက်အလက်တွေက ဖော်ပြနေပါတယ်”ဟု ၎င်းက ပြောသည်။

နွေဦးတော်လှန်ရေး လေးနှစ်ကျော်လွန်လာပြီဖြစ်ရာ တော်လှန်ရေးအချိန်ကြာလာသည်နှင့်အမျှ ပြည်သူထိခိုက်ခံစားရမှု ကြီးမားသကဲ့သို့ တိုင်းပြည်လည်း နစ်နာခဲ့ရကြောင်း ပြောကြားသည်။

ထို့အပြင် တိုင်းပြည်နှင့် ပြည်သူ့ဘဏ္ဍာကို ဂုဏ်သွေးစုပ်ပြီး ပြည်သူကို စစ်မက်ပြုနေသည့် စစ်အုပ်စုကို တိုက်ထုတ်ရသည့် တော်လှန်ရေးဖြစ်သကဲ့သို့ စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှကို စစ်အာဏာရှင် အမူအကျင့် အတွေးအခေါ် မှန်သမျှ အဆုံးသတ်ရေးဆင်နွှဲနေရသည့် တော်လှန်ရေးဖြစ်၍ ခက်ခဲကြမ်းတမ်းမှုများစွာ ရှိသည်ကို အရှိတရားကျကျ ကြည့်မြင်ရမည်ဟုလည်း ပြောကြားသည်။

“တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထု ထမ်းထား ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပပျောက်သွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ ၂၀၂၅ ခုနှစ် ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်း ဖြစ်လာစေမယ့်နှစ်၊ ပြည်သူလူထုအတွက် တော်လှန်ရေး အပြီးသတ်အောင်ပွဲ အလင်းရောင်ကို ယူဆောင်သွားနိုင်မယ့် နှစ်ဖြစ်ဖို ကျနော်တို တော်လှန်ရေးအင်အားစုတွေအားလုံး ဆထက်ထမ်းပိုး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

လွတ်လပ်မျှတ တန်းတူသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက် မယိုင်မလဲသည့် သန္နိဋ္ဌာန် ခိုင်မာသထက် ခိုင်မာစေရေး ဒီနှစ်သစ်၌ ထပ်မံချမှတ်ကြရန်လည်း ပြောကြားသည်။

ဝမ်းနည်းပူဆွေး ကြေကွဲရမှုများနှင့် မဟုတ်ဘဲ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုတို့၏ တောက်ပသည့် အလင်းရောင်ဖြင့် နှစ်သစ်ကို ကြိုဆိုနိုင်သည့် အနာဂတ်ကို အတူတကွ တည်ဆောက်ရမည်ဟု ယာယီသမ္မတက ပြောကြားကာ လူထု၏ အားကောင်းခိုင်မာသည့် နှစ်သစ်ဖြစ်ကြောင်း၊ အောင်ပွဲ နှစ်သစ်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ကာလနှင့် ယနေ့ ဧပြီ ၁၇ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ လူထုထိခိုက်မှုများ ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းရှိကျေးရွာများသို့ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများခိုးယူနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဆောင်းပါး

ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။​ရှေးရိုးရာအစဥ်အလာ ရှေးလူကြီးများကဲ့သို့ ဘုရားသွားကျောင်းတက် ပရိတ်ပဌာန်းရွတ်ခြင်းဖြင့် မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းလိုကြသော်လည်း မဖြစ်နိုင်သေးပါ။ အကြောင်းမှာ သင်္ကြန်ကဲ့သို့အခါကြီးရက်ကြီးများကိုပင် ဘာသာ​ရေးအ​ဆောက်အအုံ​တွေကို ဗုံးပတ်ကြဲပြီးသွေးဆာနေသော စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ဖြစ်သည်။

အတွေးအမြင်

စစ်ကိုင်းငလျင်ကြီး​ကြောင့် အဖိုးတန်လူ့အသက်ပေါင်းများစွာ​သေဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်း ကျွန်​တော့စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်​ပေါ်လာ​ပါတယ် ။ ဝမ်နည်း​ကြေကွဲမှု နဲ့ ​​​ဒေါသတို့ပါ။