■မြောက်ဦးမြို့ပြတည်ဆောက်ရေးအပါအဝင်ဒေသအသီးသီးမှမြေနေရာတိုင်းတာ၊နယ်နိမိတ်ပိုင်းခြားတာ၊လိုအပ်ရင်မြေသိမ်းတာတွေ လုပ်နေတယ်လို့ အသိပေး
■တမျိုးသားလုံးရဲ့ရည်မှန်းချက်ရာနှုန်းပြည့် အောင်မြင်ဖို့ လက်တကမ်းအလိုရောက်လုနီးပြီလို့ AAကြေညာ
မေ-၃၀၊၂၀၂၆။ထားမြတ်/People’s Spring
အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြင့်ဖို့ မြို့ပြစီမံကိန်းတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့အမျိုးသားရေးအခြေခံစိတ် တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ် ထားရှိတဲ့ အရင်းခံ စေနတာ စိတ်တွေနဲ့ အရင်ထက် ပိုသော ပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးနဲ့ ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

Public Service Announcement
မေလ ၂၉ရက်ညမှာထုတ်ပြန်တဲ့ “ အာရက္ခတပြည်လုံးရှိ မြို့ပြစည်ပင်သာယာရေးနဲ့ စနစ်တကျတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ကြေညာချက် “ မှာ အခုလို တိုက်တွန်း ဖိတ်ခေါ်ထားတာပါ။
အာဏာရှင်အစိုးရအဆက်ဆက်လက်ထက်မှာအာရက္ခ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားတာ၊ မြို့ပြ စီမံကိန်းတွေ နည်းလမ်းမှန်မှန် ဆောင်ရွက်နိုင်မှု မရှိတာ၊ တည်ဆဲဥပဒေတွေကိုအာဏာပိုင်အဆက်ဆက်များနဲ့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက လက်တလုံးကြား ဆောင်ရွက်တာ တွေကြောင့် အာရက္ခဒေသ တခုလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာ စိန်ခေါ်မှု မျိုးစုံကြုံတွေ့ရလျက်ရှိတယ်လို့ ဖော်ပြပါတယ်။
အဲဒီဆိုးမွေးတွေကြောင့်အာရက္ခဒေသတွင်းလူမှုဘ၀ နေထိုင်မှု အဆင့်အတန်း အဖက်ဖက်ကနိမ့်ကျလျက်ရှိနေလို့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းမြင့်လာစေဖိုပ စနစ်တကျ ဖွံ့ဖြိုးလာစေဖို့ လူနေထူထပ်တာတွေကို ဖြေရှင်းနိုင်ဖို့၊ မြို့ပြတွေမှာ လမ်းနယ်နိမိတ်အပါအဝင် လမ်းဘေး မြေနေရာတွေ ဥပဒေမဲ့ ကျူးကျော်တာတွေ ထိန်းသိမ်းဖို့ လမ်းတံတား အပါအဝင် မြို့ပြ တည်ဆောက်ရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်ဖို့ မြို့ပြစီမံကိန်း လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။
အထူးသဖြင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ကိုသန့်ရှင်းသပ်ရပ်စွာရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး၊ကမ္ဘာ့အမွေအနှစ်၊ အာရက္ခ အမွေအနှစ် အဖြစ် တည်တံ့နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ မြောက်ဦးမြို့ပြတည်ဆောက်ရေး စီမံကိန်းကိုလည်းဖော်ဆောင်နေကြောင်းဖော်ပြထားပါတယ်။
မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများဟာ မြောက်ဦးအပါအဝင် ဒေသအသီးသီးမှ စီမံကိန်းလျာထား မြေနေရာတွေကွင်းဆင်းတိုင်းတာတာ၊မြေနဲ့ သက်ဆိုင်သူတွေကို ဖိတ်ခေါ် တွေ့ဆုံ ရှင်းလင်းတာ၊ တဦးချင်းပိုင်ဆိုင်သောမြေဧရိယာကိုတိုင်းတာ အတည်ပြု နယ်နိမိတ် ပိုင်းခြားသတ်မှတ်တာ အပြင် အခြေအနေရဲ့ လိုအပ်ချက်အရ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီမြေသိမ်းဆည်းဖို့ အမိန့်ထုတ်တာ သင့်တင့်တဲ့ လျော်ကြေးပေးတာ စတဲ့ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိဟု အသိပေးပါတယ်။
မြောက်ဦးဒေသခံအချို့ကစီမံကိန်းဧရိယာထဲက လယ်ယာမြေတွေကို AAက စီမံကိန်းအတွက်လျော်ကြေးပေးသိမ်းယူတဲ့အခါကာလပေါက်ဈေးအတိုင်းပေးစေချင်တယ်လို့ ပြောပါတယ်။
ကာလပေါက်ဈေး ၁ ဧကကျပ်သိန်း ၅၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ လယ်ယာမြေတွေကို ကျပ်သိန်း ၈၀ ခန့်ပဲပေးလို့ ပြန်လည်ညှိနှိုင်ပေးစေလိုတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင်လက်ရှိဟာ အရက္ခတပြည်လုံးနီးပါး သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ နေအထား ရောက်ရှိပြီး တမျိုးသားလုံးရဲ့ ရည်မျန်းချက် ရာနှုန်းပြည့် အောင်မြင်ဖို့ လက်တကမ်း အလို ရောက်လုနီးပြီလို့ AAက အသိပေးထားသလို တပြိုင်တည်းမှာပဲ တော်လှန်ရေး အလုံးစုံ ပြည့်၀ အောင်မြင်မှု ရဖို့အတွက်လည်း ရှေ့တန်းစစ်မျက်နှာမှာ ရန်သူတွေနဲ့ အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဝင်နေကြရာ ရှုံးမဲမဲနေတဲ့ စစ်ကောင်စီတပ်က ပြည်သူလူထု နေထိုင်ရာ မြို့ရွာတွေကို လက်နက်ကြီး လေကြောင်းတွေနဲ့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှု ကြားထဲမှာပဲ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရဟာ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ ရပ်ရွာ ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ တိုင်းပြည်တည်ဆောက်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လူထုနဲ့ အတူ လက်တွဲ ကြိုးပမ်းအားထုတ် လုပ်ဆောင်နေတယ်လို့လည်း AAက ထုတ်ပြန်ပါတယ်။

















































