လာအိုနိုင်ငံက ရေဝင်နေတဲ့ ကျောက်ဂူတစ်ခုထဲ ပိတ်မိနေသူ ရွာသား ၇ ဦးထဲက ပထမဆုံး တစ်ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မေလ ၂၀ ရက်နေ့က ရှေဆွမ်ဘွန် ပြည်နယ်ထဲက ကျောက်ဂူတစ်ခုဆီ ရွှေသတ္တုကြော ရှာဖွေဖို့ ရွာသားတွေ ဝင်သွားခဲ့ချိန် မိုးရွာပြီး မြေပြိုမှုတွေကြောင့် ဂူပေါက် ပိတ်သွားရာက သူတို့လည်း ဂူထဲမှာ ပိတ်မိပြီး ကျန်နေခဲ့တာ ဖြစ်ပါတယ်။
ဂူရဲ့အောက်ခြေဖက် ရေဝင်နေတဲ့ ဥမင် ကျဉ်းကျဉ်းလေးကို အသုံးပြုပြီး ကယ်ဆယ်ရေး ရေငုပ်အဖွဲ့တွေက ဂူအတွင်းပိုင်း ရေလွတ်တဲ့ နေရာမှာ ခိုလှုံနေတဲ့ ရွာသားတွေဆီ ရောက်အောင် သွားခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ပတ်အကြာ မေလ ၂၇ ရက်နေ့မှာ သူတို့ထဲက ၅ ဦးကို ဘေးကင်းကင်းနဲ့ ရှာတွေ့ခဲ့ပြီး မေလ ၂၉ ရက်နေ့မှာတော့ ပထမဆုံး တစ်ယောက်ကို ဂူအပြင်ဖက်ကို ရွှေ့ပြောင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
လာအိုနဲ့ ထိုင်းက ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပျောက်ဆုံးနေဆဲ ရွာသား ၂ ယောက်ကိုလည်း အပူတပြင်း ဆက်လက် ရှာဖွေနေပါတယ်။ ကယ်ဆယ်ရေး မစ်ရှင်မှာ နိုင်ငံတချို့က စေတနာ့ဝန်ထမ်း ကျွမ်းကျင် ရေငုပ်သမားတွေလည်း လာရောက် ပူးပေါင်းခဲ့ကြပါတယ်။ ၂၀၁၈ တုန်းက ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်ထဲမှာ ရေဝင်ကျောက်ဂူ တစ်ခုထဲ ပိတ်မိနေခဲ့တဲ့ လူငယ် ဘောလုံးအသင်းကို လိုက်ရှာပြီး ကယ်ဆယ်ခဲ့လို့ ကမ္ဘာကျော်ခဲ့တဲ့ ထိုင်းနဲ့ နိုင်ငံတကာ ရေငုပ်သမားတွေထဲက တချို့လည်း လာအိုက ရွာသားတွေကို ရှာဖွေ ကယ်ဆယ်မှုမှာ ပါဝင်ကူညီပေးနေပါတယ်။

Public Service Announcement
လာအို ကျောက်ဂူထဲက ရွာသားတွေကို ရွှေ့ပြောင်းပေးရတဲ့ မစ်ရှင်ဟာ ထိုင်းမှာဖြစ်ခဲ့တဲ့ အခြေအနေနဲ့ ယှဉ်ရင် အရမ်းမရှုပ်ထွေးပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေက ရှိနေခဲ့ပါတယ်။ မိုးတွေ ဆက်တိုက် ဆက်ရွာနေပြီး မြေပြိုမှုတွေ ထပ်ဖြစ်နိုင်တဲ့ အန္တရာယ် ရှိနေသလို ကယ်ဆယ်ရေး လုပ်ဆောင်ရတဲ့ ဥမင်ကလည်း အရမ်းကျဉ်းမြောင်းပြီး အကွေ့အဝိုက်တွေနဲ့ အရမ်းရှုပ်ထွေးနေပါတယ်။ ရေငုပ်သမားတွေက သူတို့ ကူးခတ်ရတဲ့ ရေဟာ ကော်ဖီရောင်လို နောက်ကျိပြီး ရှေ့ကို ဘာမှ မမြင်ရကြောင်းလည်း ပြောပြပါတယ်။
မေလ ၂၉ ရက် မနက်ပိုင်းမှာ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အဲဒီ ဥမင်ထဲက ရေတွေကို ပမာဏ အမြောက်အမြား စုပ်ထုတ်ပစ်ခဲ့ကြပါတယ်။ ရွာသားတွေက ရေငုပ်စရာ မလိုဘဲ လမ်းလျှောက်ပြီး ဂူအပြင် ထွက်လာနိုင်တဲ့ အခြေအနေထိ ရေကျသွားအောင် စုပ်ထုတ်ပစ်ခဲ့တာပါ။ ဒါပေမဲ့ မနက်ပိုင်းမှာ မိုးတွေ သည်းသည်းထန်ထန် ပြန်ရွာလာလို့ အဲဒီလုပ်ငန်းမှာ ရှုပ်ထွေးမှုတွေ၊ စိုးရိမ်စရာတွေ ဖြစ်ခဲ့ပါသေးတယ်။
ညပိုင်းမှာတော့ လာအိုနဲ့ ထိုင်း ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပထမဆုံး ကယ်ထုတ်လာတဲ့ ရွာသားရဲ့ မှတ်တမ်း ဗီဒီယို တစ်ခုကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ သတင်းဌာနတွေက နာမည် ဖော်ပြမထားတဲ့ အမျိုးသားဟာ ယိုင်တိယိုင်ထိုး လမ်းလျှောက်နေပြီး သူ့ကို ဘေးကနေ လူနှစ်ယောက်က ကူပြီး တွဲပေးထားပါတယ်။ နောက်တော့ ဂူအပြင်ဖက်မှာ ရှိနေတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဆီ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်အောင် လက်လွှဲပေးလိုက်ပါတယ်။
ကျန်တဲ့ ၄ ဦးကို ရွှေ့ပြောင်းပေးဖို့ကတော့ ကြံ့ခိုင်မှု အခြေအနေ အဆင်သင့် မဖြစ်သေးတာကြောင့် နောက်တစ်ရက် ရွှေ့ထားကြောင်း ထိုင်းကယ်ဆယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Sai Than Associationရဲ့ အဖွဲ့ဝင် ချက်ကစ် တေယန်တန်က ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက သူတို့အတွက် အစားအသောက်၊ သောက်ရေ၊ စောင်၊ အဝတ်အစားတွေ စီစဉ်ပေးပြီး နွေးနွေးထွေးထွေး ထားရှိပါတယ်။
မေလ ၂၀ ရက်နေ့တုန်းက ရွာသား ၈ ဦးဟာ အဲဒီကျောက်ဂူမှာ ရွှေကြောရှာဖို့ သွားရောက်ရင်း ၇ ဦးက ပိတ်မိသွားတာ ဖြစ်ပါတယ်။ ကျန်တဲ့ ရွာသားက နေရပ်ဆီ ပြန်သွားပြီး ဖြစ်စဉ်အကြောင်း အာဏာပိုင်တွေကို အသိပေးခဲ့ရာက အကြီးစား ကယ်ဆယ်ရေးမစ်ရှင်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုမစ်ရှင်မှာ ထိုင်းနဲ့ လာအိုက ကယ်ဆယ်ရေး အဖွဲ့တွေအပြင် ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ပြင်သစ်စတဲ့ နိုင်ငံတွေဆီက ကယ်ဆယ်ရေးသမားတွေ၊ ရေငုပ်ကျွမ်းကျင်သူတွေပါ ပူးပေါင်း ကူညီပေးခဲ့ကြပါတယ်။
ကိုးကား: AP

















































