close
Connect with us

Hi, what are you looking for?

သတင်း

MNDAA အနေနဲ့ ဒေသခံတွေဒုက္ခမပေးဘဲ ဒီမိုကရေစီ၊ ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေ စီမံဖို့ ရှမ်းလူငယ်ကွန်ဂရက် တိုက်တွန်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA

မေ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

“ဖက်ဒရယ်စနစ်နှင့် ကိုးကန့်တပ်(MNDAA)၏ လားရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တဲ့ ရှမ်းလူငယ်ကွန်ဂရက်ရဲ့ ထုတ်ပြန်ချက်မှာ MNDAAရဲ့ စီမံမှုအောက်မှာ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးနဲ့ မြေယာသိမ်းဆည်းမှုဆိုင်ရာ ပြဿနာတွေ၊ လူ့အခွင့်အရေးနဲ့ လူမှုစီးပွားဆိုင်ရာ ပြဿနာတွေမီးမောင်းထိုးပြကာ ရှမ်းလူငယ်ကွန်ဂရက်ရဲ့ သဘာထားကို အခုလို ထုတ်ပြန်ခဲ့တာပါ။

MNDAAကတော်လှန်ရေးကို အကြောင်းပြုကာ ပြည်သူလူထုကို ဒုက္ခတွင်းသက်ဆင်းစေတဲ့ လွဲမှားတဲ့ လုပ်ရပ်တွေနဲ့ စီမံခန့်ခွဲမှုများကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ဖက်ဒရယ်စနစ်ကို အခြေခံ၍ တည်ဆောက်နေသော ရှမ်းပြည်နယ်အတွင်း ယင်းကဲ့သို့သော လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေမှုကို MNDAA အနေဖြင့် အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ဒေသခံလူထုနှင့် လိုက်လျောညီထွေဖြစ်မည့်၊ တရားမျှတမှုရှိမည့် ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနူန်းများနှင့်ကိုက်ညီသည့် စီမံဆောင်ရွက်မှုများကိုသာ ရှေးရှုလုပ်ဆောင်သွားပါရန် လေးနက်စွာ အသိပေး တိုက်တွန်းအပ်ပါသည်။” လို့ ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း ကြုံနေရတဲ့ ပြဿနာတွေကို ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းနောက်ပိုင်း အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ MNDAA ဟာ နယ်မြေချဲ့ထွင်ခြင်းနဲ့ အုပ်ချုပ်စီမံမှုဆိုင်ရာကိစ္စရပ်တွေမှာ လက်နက်အင်အားကို အလွန်အကျွံအသုံးပြုလာ အထင်အရှား တွေ့ရလို့ ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ပါတယ်။

ကိုးကန့်ပြုမှုခြင်း၊ မြို့ရွာများရဲ့ မူလသွင်ပြင်ကိုပြောင်းလဲခြင်း၊ လယ်ယာမြေ သိမ်းဆည်းခြင်းနဲ့ စျေးနှိမ်ခြင်း၊ ပြည်ပ နိုင်ငံသားများအား အထူးအခွင့်အရေးပေးခြင်း၊ သယံဇာတတွေကို အဓမ္မတူးဖော်ခြင်း စတဲ့ အုပ်ချုပ်ရေးနဲ့ မြေယာပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ရှမ်းလူငယ်ကွန်ဂရက်က ဖော်ပြထားပါတယ်။

သမိုင်းအစဉ်အလာအရ နဂိုမူလ ဌာနေလူမျိုးများ သဟဇာတဖြစ်စွာ မှီတင်းနေထိုင်ခဲ့ကြသော အသွင်သဏ္ဌာန်များကို သွေဖည်ကာ ကိုးကန့်မူပြုရန် ကြိုးပမ်းလာတာ၊ မြို့ရွာများရဲ့ ရိုးရာနဲ့ မူလအသွင်အပြင်များကို အတင်းအဓမ္မ ပြောင်းလဲတာ၊ မူလလယ်ယာပိုင်ရှင်များထံမှ မြေယာများကို အတင်းအဓမ္မ သိမ်းယူခြင်း၊ ဈေးနှိမ်ခြင်းနဲ့ ဖိအားပေး ရောင်းချစေခြင်း စတာတွေ MNDAA ရဲ့ စီမံမှုအောက်မှာ ဒေသခံတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားများအား တစ်ဖက်သတ်ဆန်သော အခွင့်အရေးများ ပေးအပ်ကာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားတာ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နဂိုမူလပိုင်ရှင်များရဲ့ သဘောတူခွင့်ပြုချက်နဲ့ ညှိနှိုင်းမှုများ လုံးဝမရှိဘဲ သယံဇာတများကို အတင်းအဓမ္မ တူးဖော်ခြင်း သို့မဟုတ် တူးဖော်ခွင့် ပေးခြင်းတွေ ကြုံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးနဲ့ လူမှုစီးပွားဆိုင်ရာ ပြဿနာတွေလည်း ကြုံနေရပြီး MNDAAက ဆန္ဒပြပြည်သူများကို နှိပ်ကွပ်တာ၊ ပညာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍ လွှမ်းမိုးတာ၊ ပြည်သူ့သဘောဆန္ဒကို မျက်ကွယ်ပြုတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူများရဲ့ ဆန္ဒကို အလေးမထားဘဲ တိုင်းတစ်ပါးမှ ဝိသမလောဘသား စီးပွားရေးသမားများကို အထူးအခွင့်အရေးများပေးကာ စိတ်ကြိုက် ဝင်ထွက်ချယ်လှယ်ခွင့်ပြုထားတဲ့ အခြေနေကိုလည်း ရှမ်းလူငယ်ကွန်ဂရက်က ထောက်ပြထားပါတယ်။

ဒါ့အပြင် တိုင်းတစ်ပါးရဲ့ ကျူးကျော်လွှမ်းမိုးမှုများအပေါ် ကာကွယ်တားဆီးခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

စနစ်တကျ ထိန်းချုပ်မှုမရှိဘဲ အကန့်အသတ်မဲ့ လောင်းကစားဝိုင်းများနဲ့ KTV ဖျော်ဖြေရေးခန်းမများကို အလွန်အကျွံ ဖွင့်လှစ်ခွင့်ပြုထားတာတွေ ကြုံနေရသလို ဒေသခံပြည်သူများ ဆန္ဒမပါဘဲ အတင်းအကျပ် စစ်မှုထမ်းဆောင်ခိုင်းတာတွေရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

“စစ်အုပ်စုရဲ့ အာဏာလောဘကြောင့် တရားဥပဒေစိုးမိုးရေးပျောက်ကွယ်ရုံမက နိုင်ငံ့အချုပ်အခြာပါ ယိမ်းယိုင်လျော့ပါးလာနေတာကို MNDAA က သူ့တကိုယ်စာအကျိုးစီးပွါးအတွက် အသုံးချနေတာဟာ အရုပ်ဆိုးလွန်းပါတယ်။ နွေဦးလှိုင်းစီးပြီး လူငယ်တွေကို သူ့နယ်ပယ်ချဲ့ထွင်ရေးအတွက် အသုံးချရုံမက၊ သူတို့ညီနောင်မဟာမိတ်အချင်းချင်းကိုပါ သစ္စာထပ်ဖောက်၊ ကိုယ်လာရာသမိုင်းကြောင်းကိုမထောက်ရှုဘဲ ဒေသခံလူအများစုကို နိုင့်ထက်စီးနင်းလုပ်နေတာတွေဟာ ပြည်ကြီးအားကိုးတာသက်သက် မဟုတ်တော့ဘူးဗျ၊ သူကိုယ်တိုင် နိုင်ငံရေးစိတ်ဆန္ဒအမှန် မရှိနေတာကို ဖော်ပြတာပဲ” လို့ ရှမ်းပြည်ဒေသခံ တဦးက ပြောပါတယ်။

MNDAA အနေနဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပေးသလို ကွတ်ခိုင်မြို့ကိုပါ ထပ်ပေးပါက MNDAA ဟာ စနစ်ပြောင်းတော်လှန်ရေးရဲ့အဖျက်အမှောင့်လို့ဆိုရတော့မယ်လို့ ရှမ်းပြည် ဒေသခံက ပြောပါတယ်။

“လူထုအပေါ်ကိုလည်း နိုင့်ထက်စီနင်းဆက်လုပ်နေမယ်ဆိုရင် ဒါဟာလူထုကိုစိန်ခေါ်နေတာလို့ ယူဆရတော့မှာပါ” လို့ ရှမ်းပြည်ဒေသခံ က ပြောပါတယ်။

MNDAAဟာ ၂၀၂၃မှာ ညီနောင်မဟာမိတ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ကိုးကန့်ဒေသ တခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရုံသာမက လားရှိုး၊ သိန္နီမြို့တွေကိုပါ ထိန်းချုပ်နိုင်ခဲ့တာပါ။ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲပြီး လားရှိုးမြို့ကို ပြန်လွှဲပေးခဲ့ပါတယ်။ ၂၀၂၆ မတ်လမှတော့ ၁၀၂၇ စစ်ဆင်ရေးအတူဆင်နွှဲခဲ့တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ နယ်မြေဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြပြီး TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်စဉ်က အဖွဲ့ရဲ့ သဘောထားတွေ စစ်ရေး သတင်းတွေနဲ့ပတ်သက်ပြီးမီဒီယာတွေကို ဖြေကြားလေ့ရှိပေမယ့် နောက်ပိုင်းမှာ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မပြုတော့ပါဘူး။ ဒါပေမဲ့ MNDAA ရဲ့ သတင်းပြန်ကြားရေးဌာန The Kokang ကတဆင့် အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ပုံမှန် သတင်းထုတ်ပြန်လေ့ရှိရာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ထိန်းသိမ်းမယ်လို့ ဖော်ပြမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်း​ရေးမှူးအဖွဲ့ဝင်​တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။