ဧပြီ-၁၁၊၂၀၂၆။မိုမို/People’s Spring
တရုတ်နိုင်ငံထုတ် အဆင့်မြင့်ကင်းထောက်ဒရုန်းတွေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။
ပြေးလမ်းမလိုဘဲ ဒေါင်လိုက်တက်ဆင်းနိုင်ပြီးတာနဲ့ အဝေးပျံသန်းနိုင်တဲ့ တောင်ပံတပ်အဆင့်မြင့် ကင်းထောက်ဒရုန်း VTOL Fixed-Wing UAV ၅စီးဟာ နမခကို အခုရက်ပိုင်းထဲရောက်လာပြီး လေ့ကျင့်စမ်းသပ်မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။
” အပူခြေရာခံစက်ပါတယ်။လေပေါ်မှာပျံဝဲချိန်က သုံးနာရီလောက်ခံတယ်။အဲဒါနဲ့ ကင်းထောက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်” လို့ အထက်ပါတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
နမခ ရောက်လာတဲ့ VTOL Fixed-Wing UAV ကင်းထောက်ဒရုန်းတွေဟာ မိုင် ၂၀၀ဝန်းကျင်ပျံသန်းနိုင်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒရုန်းတွေအကြောင်းလေ့လာနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“ Battery ကောင်းရင် မိုင် ၂၀၀ လောက်ထိသွားလို့ရတယ်။ကင်းထောက်နိုင်တယ် ဗုံးသီးချနိုင်တယ်” လို့ သူက ရှင်းပြပါတယ်။
အရင်က စစ်ကိုင်းတိုင်းမှာ တရုတ်ထုတ် DJI ဒရုန်းနဲ့ လေယာဥ်တွေကိုပဲအများစုသုံးပြီး စစ်တပ်က ကင်းထောက်ခဲ့တာလို့လည်း အသိပေးပါတယ်။
“ ဒီလိုမျိုးဟာမျိုးမမြင်ဖူးသေးဘူး။အသုံးပြုတာလည်း မတွေ့ရသေးဘူး” လို့ အရာတော်မြို့နယ်က ကာကွယ်ရေးရဲဘော်တစ်ဦးက VTOL Fixed-Wing UAV ကင်းထောက်ဒရုန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။
နိုင်ငံ့ဘက်ဂျက်ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်နဲ့ စစ်တပ်လိုလားတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေကြောင့် အဆင့်မြင့်ဒရုန်းတွေ ရောက်လာတာက အထူးအဆန်းမဟုတ်ပေမယ့် ဒေသတွင်းလူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပိုဂရုစိုက်ရမယ်လို့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက သတိပေးပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော် ဝါရီလနောက်ဆုံးပတ်အထိ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု ၂၆ ကြိမ်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာ၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေအတွင်း လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ၁၁ဦးသေဆုံးပြီး ၂၄ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitor က ဖော်ပြပါတယ်။
စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအရ အကြီးအကျယ်ရှုံးခဲ့ပြီး အထူးသဖြင့် ရှမ်းမြောက်တိုက်ပွဲတွေအပြီးမှာ ဒရုန်းနည်းပညာနဲ့ပတ်သက်လို့ ဆက်တိုက်အင်အားဖြည့်နေတယ်လို့ မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ စောင့်ကြည့်လေ့လာသူတွေက အသိပေးထားပါတယ်။




















































