မတ်-၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
မတ်လ ၂၇ရက်မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မျာ NUGနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့က သီးခြားစီသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
NUG ရဲ့ သဝဏ်လွှာမှာ ယနေ့အချိန်မှာ လူထုရဲ့အခွန်ဘဏ္ဍာ ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့ တပ်မတော်ဟု အမည်ခံထားတဲ့ အဖွဲ့အစည်းဟာ ပြည်သူကို ကာကွယ်ရမည့်အစား ပြည်သူကို ရန်သူသဖွယ် သဘောထားကာ ဖက်ဆစ်တို့ထက်ပင် ဆိုးဝါးသော လုပ်ရပ်များကို ကျူးလွန်နေခြင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ သမိုင်းအမည်းစက်ဖြစ်ဟု ဖော်ပြပါတယ်။

Public Service Announcement
အတိတ်ကာလမှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးခဲ့တဲ့ ဖက်ဆစ်တို့အား ရဲဝံ့စွာ တော်လှန်ခဲ့ကြသလို လက်ရှိမျိုးဆက်သစ်လူငယ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာလည်း နိုင်ငံတော်အာဏာ မတရား လုယူပြီး စစ်ရာဇဝတ်မှုတွေ နေ့စဉ် ကျူးလွန်နေတဲ့ “ စစ်အာဏာရှင်စနစ်” ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရှေ့တန်းမှ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။
“စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာ ဖြစ်ပါသည်။ အမှောင်ထုသည် အလင်းကို မအုပ်စိုးနိုင် သကဲ့သို့ ပြည်သူတို့၏ မတုန်မလှုပ်သော သန္နိဋ္ဌာန်နှင့် စည်းလုံးမှုစွမ်းအားကြောင့် အောင်ပွဲသည် လက်တစ်ကမ်းအကွာသို့ ဆိုက်ရောက်လာနေပြီ ဖြစ်ပါသည်။ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအင်အားစုများ အားလုံးအနေဖြင့် အတိတ်သမိုင်းသင်ခန်းစာများကို စံနမူနာယူ၍ အနာဂတ် မျိုးဆက်သစ်များအတွက် လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီ လက်တွဲကာ ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” လို့ NUGက သဝဏ်လွှာ ပေးပို့ပါတယ်။
ပြည်သူသာလျှင် အဓိကဖြစ်လို့ ပြည်သူ့ဆန္ဒသည်သာ အဆုံးအဖြတ် ဖြစ်သော ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ အညီ ညီညွတ်မှုအင်အားဖြင့် စိန်ခေါ်မှုများကို ကျော်ဖြတ်ပြီး လွတ်လပ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိခြင်း၊ ငြိမ်းချမ်းခြင်း၊ တန်းတူညီမျှခြင်းတို့နဲ့ ပြည့်စုံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်နိုင်တဲ့အထိ တိုင်းရင်းသား ပြည်သူတရပ်လုံး ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်သွားဖို့လည်း နှိုးဆော်ထားပါတယ်။
CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာလည်း ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု လက်နက် အားကိုးနဲ့ အာဏာလုယူကာ အပြစ်မဲ့ပြည်သူများကို ရန်သူသဖွယ်သတ်မှတ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ ဖက်ဆစ်ဝါဒထက်ပင် ပိုမိုဆိုးရွား ယုတ်ညံ့လှတယ်လို့ ဖော်ပြထားပါတယ်။
” ယနေ့အချိန်တွင် ပြည်သူ့ရင်ခွင်မှ ပေါက်ဖွားလာသော တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည်သာ ဖက်ဆစ်စနစ်ကို အမှန်တစ်ကယ် တော်လှန် နေသည့် ပြည်သူ့တပ်မတော်များဖြစ်ပြီး အနာဂတ်တွင်ပေါ်ထွန်းလာမည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီတပ်မတော်၏ အခြေခံအုတ်မြစ်များဖြစ်ပါသည်” လို့ CRPHက သဝဏ်လွှာပေးပို့ပါတယ်။
လက်ရှိ တော်လှန်ရေးဟာ လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို ဖယ်ရှားရုံဖြင့်မပြီးဘဲ ဖက်ဆစ်အာဏာရှင်စနစ် ပြန်လည်အသက်မသွင်းနိုင်တဲ့ စနစ်သစ်ကို တည်ဆောက်ဖို့ ဖြစ်ကြောင်း အသိပေးပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ပါ စံနှုန်းများနဲ့ အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ မဟာမိတ် အင်အားစုအားလုံးနဲ့အတူခိုင်မာတဲ့ ညီညွတ်မှုနဲ့ ရှေ့ဆက်ချီတက်မယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။




















































